Wednesday, January 25, 2017

”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း”

























”…..မြေပုံထဲမှာ မပါချင်တဲ့လမ်း”

တစ်ဖက်က တွန်းပြီး တစ်ဖက်က ဆွဲနေတုန်းပဲ။
ဘယ်သူနဲ့ဘယ်ဝါကလည်း တွန်းတိုက် ဆန့်ကျင်. . .
ဘေးဘီနဲ့ဝဲယာကလည်း ကော့လန် ထွန့်လူး. . .


ကြွေမှာကြောက်ရတယ်…
နဂိုကတည်းကမှ အညှာမခိုင်သေးတဲ့ သစ်သီးအကင်းတွေ. . .
ဒါပေမဲ့
”အခါးဆိုတာ လူနဲ့ တည့်သကွ”ဆိုပြီး…
နည်းနည်းတော့ အချိုပေါ့ထားတယ်။


ပြီးပါလေရော. . .
ဖြစ်ပုံက အဲ့ဒီမှာကတည်းက စ. . . လွဲသွားခဲ့တာ။


ကိုယ့်အတွေးနဲ့ကိုယ်
နီးစပ်လှပြီ ထင်နေတဲ့ နားရွက်တစ်စုံလိုပဲ. . .
တကယ်တမ်းကျတော့
တစ်ဖက်ကို တစ်ဖက်က မမြင်ရရှာဘူး။


ဒီခရီး. . .နီးသလားတဲ့. . .
ဟေ့အေး. . .
ဝေးလွန်းတယ်။


သွားဖန်များတော့လည်း ခြေထောက် ညောင်းရုံပဲ။
လမ်းကိုက…………..”——”


——————————————


သင့်အေးရိပ်
06-Jan-2017



Thursday, February 18, 2016

ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ



train










ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ 


--------------------------------------------------------------------------------
အဲဒီနှင်းဆီဟာ...
တစ်စချင်း တစ်ရွက်ချင်း ပြန်လည်တည်ဆောက်ပြီး
လန်းဆန်းတောက်ပပြတော့မှာလား။
ဒါမှမဟုတ်...
တစ်စချင်းတစ်ရွက်ချင်း ကြွေဆင်းနိမ့်ကျသွားပြီး
.ရော်ဝါညှိုးခြောက်သွားတော့မှာလား။
ဘယ်လိုမှ ဝေခွဲမရတဲ့ အဖြစ်မျိုးဆိုပါတော့...


အချိန်အတော်ကြာ ငတ်မွတ်တောင့်တနေရတဲ့ ရထားကြီးတစ်စင်း
.ဟောဒီဘူတာဆီ ဆိုက်ရောက်ဖို့ လာနေပြီဆိုလို့
လိုက်ချင်လွန်းသူတို့ရဲ့ အထုပ်အပိုးပြင်သံတွေ  ညံထွက်သွားတယ်။
ဒါပေမဲ့...
သိပ်မကြာခင်မှာပဲ ...
.စောင့်ဆိုင်းရခြင်းနဲ့ အသားကျခဲ့သူတွေပီပီ
အထုပ်အပိုးတွေပေါ်မှီတွယ်ရင်းပဲ  တရေးတမော ပြန်အိပ်ပျော်သွားကြလေရော...


ဘူတာအိုကတော့...
အရာအားလုံးကို သယ်ဆောင်သွားနိုင်စွမ်းမယ့် ရထားတစ်စင်းလောက် ဆိုက်လာဖို့ကို
.မျှော်လို့.... ငေး....လို့....
ရထားကြီးကလည်း...
.ထောင်ချောက်တွေ အပြိုင်းအရိုင်းဖူးပွင့်နေတဲ့ လမ်းအတုတွေထဲကနေ...
.ဘေးမသီရန်မခဘဲ ဘူတာဆီရောက်မယ့်လမ်းအစစ်ကို
ခက်ခဲစွာ ရွေးတုန်း....ခရီးကြီးရယ်မှ....နှင်နေတုန်း....


.ကောင်းကင်ဆီက ထိုးစိုက်ကျလာတဲ့ အပ်တစ်ဖျားနဲ့
.မြေပြင်ပေါ်မှာ စိုက်ထောင်ထားတဲ့ အပ်တစ်ဖျား....
ထိပ်တိုက်ဆုံဖို့  ခက်ခဲလွန်းသလိုမျိုး ဆိုပါတော့....

 
တစ်ခါတစ်ရံမှာ...
''အမှန်တရားကို လိုလားသူတွေ''နဲ့  ''အမှန်တရား''...
ခက်ခက်ခဲခဲ လွဲနေရတတ်တယ်...


အဲ့ဒီလိုပဲ...''တရားနဲ့''ဖြေပြီး...
''တရားမဲ့''သေသွားကြရတော့မလားရယ်လို့...
ကိုယ့်ကိုကိုယ် ပြန်မေးရမယ် ဆိုပါစို့။


----------------------------------------------------------------------------------


သင့်အေးရိပ်
.ဖေဖော်ဝါရီ-၁၈၊ ၂၀၁၆

Friday, February 5, 2016

F




F = Friend


~~~~~~~~~~~~~~

IMG_20160107_124032


စကားလုံးများကို တို့ထိခဲ့သည်မှာ F သို့ တိုင်ခဲ့လေပြီ။
F နေရာသို့အရောက်မှာ တိုက်ဆိုင်စွာပင် တာရာမင်းဝေ၏ ခေတ်နေအတွက်စာတစ်ရွက်ဆိုသည့် စာအုပ်ကို ဖတ်လိုက်မိသည်။
ဆရာတာရာမင်းဝေကတော့ မိတ်ဆွေဆိုတာနဲ့ပတ်သက်ပြီး ''သူအိမ်ထောင်ပြုလိုက်တာဟာ သူ့မိတ်ဆွေတွေရဲ့ဘဝထဲကနေ ပျောက်ဆုံးသွားရသလို ခံစားပြီး''ရေးထားသည်။
ကျွန်တော့်မှာလည်း မိတ်ဆွေဆိုတာနှင့်ပတ်သက်ပြီး ပြောဆိုစရာလေးတွေ ရှိပါသည်။
~~~~~~~~~~~~~~~~~~~
F ဆိုသည့်စကားလုံးနှင့်ပတ်သက်၍ စဉ်းစားလိုက်သည့်အခါတိုင်း Friend ဆိုသည့် သူငယ်ချင်းများအကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်ပါ။
Friend ဆိုသည်မှာ ကျွန်တော်တို့အာလုံးအတွက် ဘဝ၏အစိတ်အပိုင်းတစ်ခု ဖြစ်သည့်အပြင် တစ်ခါတစ်ရံတွင် ကိုယ့်ဘဝကို တစ်နေရာရာဆီ ရောက်သွားတဲ့အထိ ပို့ဆောင်ပေးတတ်သည့် ယာဉ်တစ်စီးလည်း ဖြစ်နိုင်ပါသေးသည်။
ကျွန်တော်တို့ သက်ရှင်နေထိုင်မှု အဝန်းအဝိုင်းထဲမှာ မိတ်ဆွေဆိုသူများသည် မဖြစ်မနေ ကြုံဆုံပတ်သက်ရသည့် အစိတ်အပိုင်းဖြစ်သည်။
တချို့က မိတ်ဆွေကောင်းများကို ရွေးချယ်ပတ်သက်ခွင့်ရသည်။ တချို့ကတော့ သိပ်မကောင်းလှသော မိတ်ဆွေများနှင့် သံယောဇဉ်ဖြစ်ကာ ပတ်သက်မိကြသည်။
ကျွန်တော့်ဘဝမှာလည်း မိတ်ဆွေအမျိုးအစားများစွာ ရှိနေသည်။
ကျွန်တော့်ကို ပိုတိုးတက်ကောင်းမွန်စေချင်စိတ်ဖြင့် ဘယ်လိုကောင်းကျိုးဆောင်ရွက်ပေးရမလဲ ဆိုပြီး စေတနာထားတတ်သည့် မိတ်ဆွေများလည်း ပိုင်ဆိုင်ထားသည့်အတွက် ကျနော် ကျေနပ်ပါသည်။

သို့သော် ကောင်း/ဆိုး နှစ်တန် ဒွန်တွဲနေသော လောကသဘာဝအရ ကျွန်တော့်ကို တုပြိုင်တိုက်ခိုက်နေပြီး ကျွန်တော်ပြိုလဲယိမ်းယိုင်သွားတာကိုမြင်မှ ကျေနပ်တတ်သည့် မိတ်ဆွေတချို့ကိုလည်း ရခဲ့သည်ပဲ။
ကျွန်တော့်အရှုံး ကျွန်တော့် အားနည်းချက် ကျွန်တော့် ယိမ်းယိုင်ပြိုလဲမှုကို သူတို့က ပျော်ရွှင်စွာ စားသုံးချင်ကြသည်။
ကျွန်တော့် ပျော်ရွှင်မှု ကျွန်တော့် အောင်မြင်မှုများကိုတော့ သူတို့ မနာလို မရှုစိမ့်နိုင်စွာ အံတကြိတ်ကြိတ်ဖြစ်တတ်သည်။
သူတို့ ကျွန်တော့်အပေါ် ဘယ်လို သဘောထားနေသလဲ ဆိုတာကိုပင် ကျွန်တော် ကွက်ကွက်ကွင်းကွင်း သိမြင်ခံစားမိလောက်အောင်ထိ ပွင့်ထွက်ပြတတ်ကြသေးသည်။
အဲ့သည်လိုအခါမျိုးမှာ ကျွန်တော် တွေးမိသည့်အတွေးမှာ---
ကိုယ့်အပေါ် မကောင်းသည့် မိတ်ဆွေအတုယောင်မျိုးတွေကို
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပဲ နေပြမယ် ဆိုသည့်အတွေးဖြစ်သည်။

သို့သော် ----
ကျွန်တော်သည် လူငယ်တစ်ယောက်ဖြစ်သည်။
ကျွန်တော့်ဆီမှာ ကျွန်တော့်အတိုင်းအတာနဲ့ကျွန်တော် မာနဆိုသည့်အရာလည်း ရှိထားသည်။
ကျွန်တော့်ကို မျက်နှာကပြုံးပြီး စိတ်တွင်းက ကောက်ကျစ်စွာ ဆက်ဆံတတ်သည့် ထိုမိတ်ဆွေတုများကို ခွင့်လွှတ်နားလည်ပေးခြင်းက ပြ ဿ နာ မဟုတ်သော်လည်း သူတို့ ကျွန်တော့်ကို မနာလိုမရှုစိမ့်ဖြစ်ပြီး ကျွန်တော်ကျရှူံးအောင် ပြောဆိုပြုမှုကို သည်းခံခြင်းကတော့ ကောင်းသည့်ရလဒ် မထွက်ချေ။
သူတို့ ပျော်ဖို့ ကျွန်တော် ပြိုလဲ ပေးရမှာလားးး
No ပါကွယ်။
အဲ့သည်လောက်သာ သည်းခံစွမ်းအားမြင့်မားလျှင် ကျွန်တော် တောထွက်နေတော့မပေါ့။
ကျွန်တော် ချစ်ခင်လေးစားသော အမေစု ပြောဖူးသည့်စကားတစ်ခွန်းကို သတိရသည်။
"ကျမကို ခဲတွေနဲ့ပေါက်မှ ထမင်းစားရမယ်ဆိုတဲ့သူတွေအတွက် ကျမက ခဲနဲ့အပေါက်ခံဖို့အသင့်ပါ''တဲ့။
ဒါပေမဲ့ အမေစုက သူ့ကို ခဲနဲ့ပေါက်မှ ထမင်းစားရမယ့်သူတွေအတွက် စွှန့်လွှတ်အနစ်နာခံပေးတာ ဖြစ်သည်။
ကျွန်တော့် မိတ်ဆွေအတုအယောင်းများကတော့ ခဲနဲ့ပေါက်မှာမဟုတ်ဘဲ ကျွန်တော့်နောက်ကျောကို ဓါးနဲ့ ထိုးမှာ ဖြစ်သည်။
အထူးသဖြင့် သူတို့သည် စားနိုင်သောက်နိုင်သူများဖြစ်ပြီး သူတို့ထမင်းသူတို့စားပြီး ကျွန်တော့်ပျက်စီးရာပျက်စီးကြောင်းကို မြင်ချင်သူများဖြစ်သည်။
ဒါတော့ ကျွန်တော် သည်းမခံနိုင်ပါ။
အဲသည်နောက်တော့ ကျွန်တော် ဘာလုပ်ရမလဲ။
ဟောသည်လို မိတ်ဆွေအတုအယောင်များကို ကျွန်တော့်ဘဝထဲက ထုတ်ပစ်လိုက်ဖို့သာ ရှိသည်။
ကိုယ့်အပေါ် မကောင်းစိတ်ထားသော ကိုယ့်ပျက်စီးရာပျက်စီးကြောင်းကြံစည် ပြုမှုတတ်သော မိတ်ဆွေတုများကို တစ်လွှာချင်း စစ်ချပြီး တဖြည်းဖြည်းချင်း ဖယ်ခွါကာ~~~ဘဝထဲကနေ ဖယ်ထုတ်ပစ်ရမည်။
ကျွန်တော့်အနား ကပ်လာပြီး ပြုံးရွှင်သောမျက်နှာ+ကောက်ကျစ်သော အတွင်းစိတ်ဖြင့် ဆက်ဆံတတ်သည့် ကျွန်တော့်မိတ်ဆွေအချို့ကို ''ကျွန်တော့်ဘဝထဲမှ ပျောက်ဆုံးသွားသော မိတ်ဆွေများ''အဖြစ် စာရင်း သွင်းရပါတော့မည်။
တကယ့်တော့ ~~~ ကျွန်တော့်ထံတွင် ထိုသို့သောအခြေအနေမျိုးဖြင့် ပျောက်ဆုံးသွားသော မိတ်ဆွေများ ရှိခဲ့ဖူးပါသည်။
ဒါပေမဲ့ ကိစ္စ မရှိပါ။
အဲ့ဒါသည်~~~ကျွန်တော့်အတွက် ဆုံးရှုံးမှု မဟုတ်ပါ။
ပျောက်ဆုံးသွားသော မိတ်ဆွေတုများအတွက် ကျွန်တော် နှမြောတသစွာ ဝမ်းနည်းတမ်းတနေလိမ့်မည်မဟုတ်ပါ။
ကျွန်တော့်ထံတွင် ကျွန်တော့်ကောင်းကျိုးကို လိုလားသည့် မိတ်ဆွေစစ်များ ကျန်ရှိနေပါသည်။
ထိုမိတ်ဆွေစစ်များကတော့ ကျွန်တော့်အတွက် ကြီးစွာသော ဆုလာဘ်ဖြစ်ပါသည်။
ထို့အပြင်~~~
မိတ်ဆွေကောင်း မိတ်ဆွေဆိုးဆိုသည်ကို ခွဲခြမ်းစိတ်ဖြာတတ်သည့်အသိနှင့် မိတ်ဆွေဆိုးမှန်းသိတာနဲ့ တဖြည်းဖြည်း ဖယ်ခွါ ဥပေက္ခါ ပြုလိုက်နိုင်သည့် ပြတ်သားမှုလည်း ကျွန်တော့်ဆီမှာ ရှိနေပြီ။
~~~~~~~~~~~~~~~~~~~~~~


Maung Thura @ သင့်အေးရိပ်


Jan 07-2016



Wednesday, December 30, 2015

E

E = End



နိဂုံးဆိုတာ နိဒါန်းရဲ့ အစ... လို့ ပြောရမလိုပါပဲ...
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်အချိန်ဟာ....နောင်နှစ်သစ်တစ်ခုအတွက် အစဆုံးသော အချိန်...
.အေးလေ... ဒီနှစ်ရဲ့ နောက်ဆုံးအချိန် စက္ကန့်အပြီးမှာ ဟောဒီကမ္ဘာကြီးက ပျက်စီး အဆုံးသတ်သွားမှာမှ မဟုတ်တာ။
.နောက်နှစ်သစ်တစ်ခု ဖြစ်တဲ့ ၂၀၁၆ ခုနှစ်ကို ဖျတ်ခနဲ...ကူးပြောင်း ရောက်ရှိသွားမှာပဲ မဟုတ်လား။
ဒီတော့ ၂၀၁၅ ရဲ့ နိဂုံးဟာ...၂၀၁၆ ရဲ့ နိဒါန်းလည်း ဖြစ်ပါတယ်။
နှစ်သစ်မှာ... စိတ်သစ်လူသစ် အားအသစ်တွေနဲ့... ကောင်းကျိုးချမ်းသာ အဖြာဖြာကို သစ်လွင်တောက်ပစွာ
ရယူပိုင်ဆိုင်နိုင်ကြပါစေ...လို့... မြန်မာပြည်သူား အာလုံးအတွက ဆန္ဒပြုလိုက်ပါတယ်။
နှစ်သစ်မှာ စိတ်လက်ချမ်းသာစွာနဲ့...လန်းဆန်းတက်ကြွစွာ ကောင်းကျိုးလိုရာ ပိုင်ဆိုင်မှုအသစ်တွေ ရနိုင်ဖို့ဆိုတာလည်း...
အခွင့်အလမ်းက ရှိပါဦးမှ...
တိုင်းပြည်တစ်ပြည်အတွင်းက ပြည်သူတွေအနေနဲ့ ဘယ်လောက် ကြိုးစား ရုန်းကန်ပါစေ...
ရုန်းကန်ရသလောက် ထိုက်တန်တဲ့ ရလဒ်ကို ပြန်ရနိုင်ဖို့ဆိုတဲ့ အခွင့်အလမ်းမရှိရင်...
အဲဒီအခွင့်အလမ်းကို တစ်ခုခုနဲ့ ပိတ်ပင်ကန့်သတ်ထားရင်... ဘာမှ အကျိုးမရှိပဲ... ဒုံရင်း အနေအထားထက် နိမ့်ကျနွမ်းပါးသွားမှာပဲ... ။
လွန်ခဲ့နှစ်များဆီမှာ ကျန်ခဲ့တဲ့ မြန်မာပြည်ရဲ့ အနေအထားကို လည်ပြန်ကြည့် ကြည့်တဲ့အခါ....
၂၀၁၀ ခုနှစ်လောက်အထိ...ကမ္ဘာ့နိုင်ငံများထက် များစွာ နိမ့်ကျ စုတ်ပြတ်သော...ဒုံရင်း အနေအထားပါပဲ...
အဲဒီဒုံရင်း အနေကနေမှ....ထပ်ခါ ထပ်ခါ....တအိအိ...ထိုးဆင်းကျနေသေး....
၂၀၁၀ နှစ်ကုန်ပိုင်းလောက်ကျတော့... စစ်အာဏာရှင်အစိုးရကနေ...
အပ်ချလောင်းဆိုပြီး အရပ်သားအစိုးရ အဖြစ်လဲ မျက်လှည့်ပြလိုက်ပြီး...
(ပွက်ပွက်ဆူပြီး ဝေကျတော့မယ့် ရေနွေးအိုးကြီးကို အဖုံးခဏ ဖွင့်ပေးလိုက်သလိုမျိုး) ရောင်နီဦးလေး လှစ်ခနဲ....ဖွင့်ချပြ....
အဲ့ဒီနောက်...
အင်း..အဲဒီနောက်....
ထူးခြားစွာသော ...ကောင်းမွန်စွာသော အပြောင်းအလဲကို ပေးတော့မလိုလိုနဲ့....
ထူးမခြားနားသော ဘီလူးဆိုင်းတီခြင်းကိုသာ ... ပြည်သူများ ကြည့်ရှုခံစားလိုက်ရ....
ဘယ်တုန်းကမှ...အရာသွင်း မခံခဲ့ရရှာတဲ့ ငါတို့ လူ့အခွင့်အရေးလေးများ...
ဒီ (စစ်ဝတ်တန်ဆာချွတ်/အရပ်ဝတ်လဲထားတဲ့) အစိုးရလက်ထက်မှာ
အထိုက်အလျောက် ရတော့မလား ဆိုတဲ့ အတွေးနဲ့... ရသင့် ယူသင့် ရှိသင့်တဲ့ အခွင့်အရေးတွေ...တောင်းဆိုမိကြ....
ဒါပေမယ့်... ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပါပြီ...ဆိုတဲ့နိုင်ငံထဲ...
.ပြည်သူပိုင်သတင်းစာတွေထဲမှာ ဒီမိုကရေစီရဲ့ အနှစ်သာရကို မြန်မာပြည်သူတွေ စားသုံးနေကြရပါပြီ...ဆိုတဲ့
အစိုးရအာဘော်တွေ တလုံးတခဲ ထည့်ရေးပြနေတဲ့ နိုင်ငံထဲ....
ကျနော်တို့ရဲ့ ကျောင်းသား ညီအစ်ကိုမောင်နှမတွေ.... ပညာရေး ရပိုင်ခွင့်အတွက် ဆန္ဒဖော်ထုတ်မိလို့...
အကြမ်းဖက် နှိမ်နင်းခံရ... ထောင်သွင်းအကျဉ်းချခံရ...
ဒီမိုကရေစီ နိုင်ငံဖြစ်နေပါပြီ....ဆိုပေမဲ့... ကိုယ့် လယ်ယာ/မြေကို ကျူးကျော် အသုံးချသူတို့ကို ဖယ်ရှားပေးဖို့အရေး ဆန္ဒဖော်ထုတ်မိလို့... ပစ်သတ်ခံရ...ဖမ်းဆီးခံရ...
တလွဲစီမံမှုများကြောင့်... နိုင်ငံရေးသမားများ...ကျောင်းသားများ...ထောင်ထဲရောက်ပြီး...
လူဆိုးလူမိုက်များ..လွတ်ငြိမ်းချမ်းသာခွင့်အကြိမ်ကြိမ်ကြောင့် အပြင်လောက ပြန်ရောက်....
အလွယ်လွတ်ရိုးထုံးစံရှိတယ်ကွ....ဆိုပြီး...ခိုးဆိုးလုယက်.. ရာဇဝတ်မှုတွေ..နေ့ချင်းညချင်း...မြင့်တက်....
.နေ့ခင်းကြောင်တောင် လူလယ်ကောင်မှာတောင်... ကိုယ့်ဘေးနားကပ်လာသူကို မယုံရဲစွာ အကဲခတ်...သတိကြီးစွာထားပြီး ရင်ထထိတ်ထိတ် သွားလာလှုပ်ရှားကြရတဲ့အထိ...
တရားဥပဒေ စိုးမိုးမှုတို့...ကင်းမဲ့....
တရားခံမပေါ်သော လူသတ်မှုများ... ခိုးမှု လုယက်မှုများ...
တရားခံပေါ်သော်လည်း တရားမျှတမှုမရှိသော စီရင်ချက်ချမှုများ...
အလုပ်မည်မည်ရရ မလုပ်သော/ လူ့စွမ်းအားလည်ပတ်မှု ကောင်းစွာ မရှိသော ဌာနဆိုင်ရာများ... လာဘ်စားမှုများ ....
ဝင်ငွေနှင့်ထွက်ငွေ မမျှတသော ကုန်ဈေးနှုန်းမတည်ငြိမ်မှု... ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့...
တိုင်းပြည်ပျက်တာနောက် ငါတို့ချမ်းသာဖို့ကအရင်ဆိုတဲ့ စိတ်နဲ့ထင်ရာဆိုင်းမှုများ...
များသည်ထက် များလာခဲ့....
၂၀၁၀ အလွန် ကာလများကို အနှစ်ချုပ်ကြည့်လိုက်ပြီး...
ပြည်သူလူထုတစ်ရပ်လုံး...အသက်ရှူချောင်သွားသလား...လို့...မေးတဲ့အခါ...
နှာခေါင်းအပိတ်ခံရထားစဉ်ကလိုတော့ အသက်ရှူမကျပ်တော့ဘူး....
ဒါပေမဲ့...နှာခေါင်းတစ်ဖက်ပိတ်ပြီး အသက်ရှူနေရသလိုမျိုး... အသက်ဝဝ ရှူခွင့်မရသေးဘူး...လို့ ပြန်ဖြေကြရမှာပဲ... ။
၂၀၁၅ နှစ်ကုန်ပိုင်းမှာတော့... တိုင်းပြည်အတွင်း လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ်...
အနှစ်နှစ်အလလ ချုပ်ကိုင် ဗိုလ်ကျခဲ့သူတို့ကို အပြီးအပြတ် ဖြုတ်ချ ထားရစ်ခဲ့နိုင်မယ့် အခွင့်အရေး အခြေအနေ ပေးလာခဲ့တယ်။
ဒါပေမယ့်... အဲဒီ အခွင့်အရေးကို စီမံဖန်တီးပေးသူတွေကိုယ်တိုင် ရေးဆွဲထားတဲ့ ပလန်များအောက်မှာ
လူးကာလွန့်ကာနဲ့ ခက်ခဲစွာ ရုန်းထွက်ရတာမို့  အပြီးအပြတ်တော့ ဖြုတ်မချနိုင်ခဲ့...
.မျှော်လင့်ချက်တစ်ခုခုတော့ ရှိလာပြီ။
.ပြည်သူ မလိုလားသော အစိုးရတစ်ရပ်ဆီမှသည်...ပြည်သူလိုလားသော
(အင်မတန် ခက်ခဲရှုပ်ထွေးအောင် ဖန်တီးထားသည့်အခြေအနေကြားမှ
ပြည်သူများက ကြိုးစားအားထုတ်ကာ တင်မြှောက်လိုက်သော) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့်အစိုးရသစ်ကို... ပိုင်ဆိုင်ရတော့မည်။
အာဏာ မလွှဲခင်စပ်ကြားအချိန်ကာလကလေးမှာတောင် အစိုးရဟောင်းရဲ့  လုပ်ပိုင်ခွင့်ထဲကနေ...
မတော်မတဲ့ တောင်းဆိုမှုများ...ကြိုတင်စီမံမှုများကို  မြင်တွေ့ရသောအခါ...
.နောင်လာမယ့် အစိုးရသစ်ဟာတော့...
''နောက်ဆုံးအချိန်ထိ ပြည်သူကို ဒီလို...ကပ်ဖဲ့ ဒုက္ခပေးပြီး.. သူတို့ကိုယ်ကျိုးကိုသာသူတို့ကြည့်တဲ့အစိုးရ'' မဟုတ်တန်လောက်ပါဘူး...လို့....အားကိုးမိကြပြီ။
.မျှော်လင့်သည့်အတိုင်း ... သန့်ရှင်းသော အစိုးရအဖွဲ့ကို တကယ် ပိုင်ဆိုင်ခွင့် ရကြပါစေ...
၂၀၁၅ ဆိုတဲ့ နှစ်ဟောင်း ကုန်လေပြီ...
၂၀၁၆ ဆိုတဲ့ နှစ်သစ်မှစ....နောင်အနာဂတ်ကာလမှာ...မြန်မာပြည်... ဆင်းရဲတွင်းထဲကနေ...
တစ်ထစ်ချင်း....တက်ရောက် လွတ်ကင်းဖို့... မျှော်လင့်စရာ ရှိပါသည်။
နှစ်ဟောင်းနှင့်အတူ...ပြည်သူ့မျက်နှာ မကြည့်သော အုပ်ချုပ်သူတို့... ကျန်ရစ်ခဲ့ကြပါစေ...
.နောင်နှစ်များမှာလည်း...ကောက်ကျစ်သော အကြံရှိသူများ...ပြန်ပေါ်မလာပါစေနဲ့တော့....
၂၀၁၅ သည်... မကောင်းသော အုပ်ချုပ်/စီမံမှုများ၏ အဆုံးသတ် (The end... )ဖြစ်ပြီး...
၂၀၁၆ သည်... ကောင်းသော အုပ်ချုပ်/စီမံမှုများ Endurance = သက်တမ်းကြာရှည်စွာ ကြံ့ကြံ့ခံနိုင်စွမ်းသော
အတွန်းအတိုက် ထိုးနှက်တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိသော အစိုးရသစ်တစ်ရပ်ကို ရရှိမည့် နှစ်သစ် ဖြစ်ပါစေတော့လို့....သာ....

-----------------------------------------------------------
Alinsett @ Maung Thura
31- Dec-2015


happy-new-year

Monday, December 28, 2015

D

D = Drama story

 8a078831031979119efeb2159ed4f3d6
အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊
.မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊
.မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊
ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊
ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊
သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ ---မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ---  ပေးကြ ရကြသည်၊၊
.ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ ကြည့်ရင်း မျက်ရည်လေးတို့ ဝေဝေသီသီ---
"ငါဖြင့် သနားလွန်းလို့ ရုပ်ရှင်ရုံထဲ ငိုတောင်မှ ငိုမိကရော" ဟု ပြန်ပြောရခြင်းမှာ ပျော်မွေ့သူများပင်ရှိ၏၊၊
"အခုရုံတင်ထားတဲ့ကားလေး ကောင်းလိုက်တာ---" ဟု ညွှန်းကြပြီဆိုလျှင် များသောအားဖြင့် အလွမ်းအဆွေးများနှင့် ဇာတ်နာနာ အကဲပါပြထားသည့် ဇာတ်လမ်းသာ---
ထို့အပြင် အလွမ်းအဆွေးများနှင့် မျက်ရည်ဖြိုင်ဖြိုင် ကျစေလောက်သော #ဝစ်ထုများ ရောင်းကောင်းကြသည်၊၊
ဂျာနယ်ကျော်မမလေးမှသည် မောင်လှမျိုး(ချင်းချောင်းခြံ)အထိ အငိုအမော ဇာတ်လမ်းများ ဖတ်သူ ကြိုက်သူ များခဲ့လှပြီ---
ထို့သို့သော အကြောင်းများကြောင့် ကျွန်တော်သည်လည်း အလွမ်းအဆွေး အငို အမောများထည့်သွင်းထားသည့် ဇာတ်လမ်းတစ်ပုဒ်လောက် ရေးထုတ်လိုက်ချင်သည့်စိတ် ဖြစ်မိလေပြီ---
စာဖတ်သူတွေ ရယ်မောရစေမည့်စာမျိုး မရေးတတ်သော ကျွန်တော်သည် စာဖတ်သူတွေ မျက်ရည်ကလေးဝေ့ကာသီကာ ရင်ထဲနင့်ခနဲ ဖြစ်သွားစေမည့်စာမျိုးတော့ ရေးလို့ ဖြစ်လိမ့်မည်ထင်သည်၊၊
ကျွန်တော် ရေးမည့်ဇာတ်လမ်းထဲတွင်---
ဇာတ်ကောင်အမျိုးသားနှင့် အမျိုးသမီးငယ်လေးတို့သည် ရိုးရှင်းသော ရွာကလေးဆီမှဖြစ်ပြီး တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်စုံမက်ကြသူများ ဖြစ်သည် ဆိုပါစို့---
ဇာတ်ကောင်အမျိုးသားသည် ထုံးစံအတိုင်း မရှိဆင်းရဲသားကလေးသာ ဖြစ်ပြီး သူ့လိုပဲ ဆင်းရဲနွမ်းပါးရှာသည့် ချစ်သူမိန်းကလေးကို ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ် ထားစေချင်သည့်စိတ်ဖြင့် လယ်ယာအလုပ်ကို ကြိုးကုပ်စွာ လုပ်ကိုင်နေသူဖြစ်သည်ပေါ့---
ဗမာဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ထိုချစ်သူစုံတွဲ၏ ချစ်ခြင်းကို အနှောင့်အယှက်ပေးမည့် ဇာတ်ကောင်တွေလည်း ပါရဦးမည်မဟုတ်လား---
ထုံးစံအတိုင်း ဇာတ်ကောင်မင်းသမီးလေးကို အတင်းကာရော ကြိုက်နေသည့် သူကြီးသား အရက်သမားကို မပါမဖြစ် ထည့်ရပါလိမ့်မည်၊၊
ဇာတ်ကောင်မင်းသမီးလေး ညနေခင်း ရေခပ်ဆင်းချိန်မှာ မူးရူးနေသည့်သူကြီးသားက သူ့အပေါင်းအပါများနှင့် ရောက်လာပြီး ကောင်မလေးကို ဆွဲလားရမ်းလား လုပ်---
အဲသည်အချိန်မှာ ကောင်မလေး၏ချစ်သူ ကောင်လေးက (အင်မတန် တိုက်ဆိုင်စွာဖြင့် ကြိုစောင့်နေသလားထင်ရ---)
ဘွားခနဲ ရောက်လာ---
သူကြီးသားနဲ့ ရန်ဖြစ်---
ထုံးစံအတိုင်း ဇာတ်ကောင်မင်းသားက အနိုင်ရ----
သူကြီးသားက ဒဏ်ရာတွေနဲ့ အံကြိတ် တောက်ခတ်--- ဇာတ်ကောင်မင်းသားကို မင်းထမင်းဝအောင်စားထား ဟေ့ရောင် လို့ ကြိမ်းဝါးးး
ထို့အပြင် ဇာတ်ကောင်မင်းသမီးကိုလည်း စိမ်းစိမ်းကြီးကြည့်ပြီး မဲ့ကာရွဲ့ကာ---ပြောကိုပြောရမည့်စကားက
"ဒီမယ် နှင်းမြ--- နင် တစ်နေ့ ငါ့ရင်ခွင်ထဲ ရောက်မှာပါ ---" ဘာညာ---
လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောသွားသည် ဆိုပါစို့---
-နောက်တစ်ခန်းမှာတော့
နှင်းမြကို သူကြီးသားနဲ့ အပေါင်းအပါတွေက တောထဲ ဆွဲခေါ်သည့်အခန်း လာရမည်---
နှင်းမြနှင့် ရွာသူသူငယ်ချင်းမလေးတို့ ၂ယောက်သား စကားတတွတ်တွတ်ထိုးပြီး ရေခပ်ဆင်းလာချိန်မှာ သူကြီးသားနဲ့အဖွဲ့က ဝင်ဆွဲ---
သူငယ်ချင်းမလေးက--- နှင်းမြကို ခေါ်မသွားပါနဲ့လို့ အော်---
သူကြီးသားက နင်နဲ့မဆိုင်ရင် ပါးစပ်ပိတ်ထားစမ်းလို့ ငေါက်---
အဲ့သည်မှာ သူငယ်ချင်းမလေးက ရွာထဲ လှည့်ပြေးပြီး မင်းသားကို ပြေးပြော----
မင်းသားက ဘာာာာာာာာာာလို့ အကျယ်ကြီးအော်ပြီး နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ပြေးဆွဲ----
နှင်းမြနောက် မှီအောင်အပြေးလိုက်----
(ဒါပေမယ့် တော်တော်နဲ့ မရောက်နိုင်ဘူးး ပြေးတယ် ပြေးတယ်---)
ဟိုဘက်မှာလည်း သူကြီးသားက နှင်းမြကို ဆွဲခေါ်တယ် ခေါ်တယ်---
လာစမ်း--- နင် ငါ့ရင်ခွင်ထဲ ရောက်ရစေ့မယ်---
နှင်းမြကလည်း ရုန်းကန်လူးလှိမ့်---
ခွေးကောင် နင် လွှတ်စမ်း---
နင် မယုတ်မာနဲ့---
နင်ယုတ်မာတာ ခံမယ့်အစား ငါ့ကိုယ်ငါသတ်သေပစ်မယ် ဘာညာ အော်ကာဟစ်ကာ---
အဲ့သည်အချိန်မှာပဲ---
မင်းသားက မှီလာပြီး သူကြီးသားတို့ကို ဓါးနဲ့ဝင်ခုတ်---
အဲ့ဒီနေရာမှာတင် သူကြီးသားကို မင်းသားက ပွဲချင်းပြီး သတ်လိုက်မိရော ဆိုပါတော့---
ချစ်သူရဲ့ အရှက်ကို သူက လူသတ်ပြီးထောင်ထဲ အဝင်ခံ---ကယ်တင်လိုက်နိုင်တာကိုပဲ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကွ ---ပေါ့လေ----
မင်းသားက လူသတ်မှုနဲ့ ထောင်ကျတော့မယ်ဆိုတော့.... မင်းသမီးလေးက...ငိုပါလေရော.... ဆိုပါတော့...
မောင်ရယ်....ပြေးသာ ပြေးပါတော့.... တို့...ပြေးကြပါစို့.... လို့ ငိုယိုပြော....
အဲဒီမှာ မင်းသားက.... ငါ ယောကျာ်း.... လုပ်ရဲရင် ခံရဲတယ် ဘာညာ... အံကြိတ်ပြန်ပြော...
ငါ ထောင်က လွတ်လာချိန်ကိုသာ နင်...သစ္စာရှိရှိ စောင့်နေပါ...လို့
.ပြောပြီးချိန်...အလွမ်းသယ်လို့ ဝလောက်ချိန်ကျမှ...ရဲတွေက ရောက်လာ....
--------
အဲ့ဒီနောက်... ထောင်ကျ.... နောက်တစ်ခန်းကျတော့....ထောင်က လွတ်...
ထောင်က လွတ်ပြီဆိုတာနဲ့....ချစ်သူကလေး ရှိရာ ရွာလမ်းတလျှောက် အပြေးကလေးပေါ့.... လှမ်းလာ....
ချစ်သူနဲ့ တွေ့ပြီဆိုတဲ့ အချိန်လည်း ကျရော.....
သူ့ချစ်သူကောင်မလေးက..... တခြားယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်တောင်  ရနေပါပေါ့။
အို....ဒါက ဘယ်လိုဖြစ်ရတာလဲ....
သစ္စာ မရှိတဲ့ မိန်းမ....ကတိမတည်တဲ့မိန်းမ....
နင့်အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးရင်း...ကြားကနေ ထောင်ထဲ ရောက်သွားရတဲ့ ငါ့လို ချစ်သူကိုတောင်....
.ထောင်က လွတ်ချိန်အထိ...သစ္စာရှိရှိ စောင့်မနေနိုင်ဘူးလား... စသည်ဖြင့်....
နာကြည်းစွာ...ကြိတ်မနိုင်ခဲမရ...ပြောရပြီပေါ့....
အဲဒီမှာပဲ....
ချစ်သူမိန်းကလေးကလည်း... မျက်ရည်လည်ရွှဲနဲ့... မင်းသားကို လွမ်းလွမ်းဆွေးဆွေးကြည့်ရင်း....
ငိုရှိုက်ရင်းကနေ...ပြန်ရှင်းပြရှာသပေါ့....
ကျမလည်း သစ္စာရှိရှိ စောင့်နေပေါသေးကြောင်း...
ဒါမေပဲ့....အဲလေ...ဒါပေမဲ့...
ကျမ အမေအို...ပန်းနာရင်ကျပ် ရောဂါသည်ကြီးက....သေလုမတတ်...
အခြေအနေဆိုးလာချိန်....
.ဆေးရုံတင်ပြီး...ဆေးကုရမယ့် စရိတ်တွေက မရှိ....
အမေအိုကြီးကို ချမ်းချမ်းသာသာ ပြည့်စုံစွာ...ပြုစုပေးချင်တာကြောင့်....
ရွာတောင်ပိုင်းက စပါးကုန်သည် ကိုထွန်းခင် ကို မလွှဲသာလို့ ယူလိုက်ရတာ ဖြစ်ပါကြောင်းပေါ့...
အဲဒီလို ရှင်းပြလိုက်တော့မှ.... နာကြည်းမိတဲ့ ...ချစ်သူကောင်လေးခမျာ....
ချစ်သူမိန်းကလေးကို.... သနားတဲ့အကြည့်....
နှမြောတဲ့အကြည့်တွေနဲ့.... ကြည့်ကာ..နှုတ်ဆက်....
ကိုယ် သွားပါတော့မယ်....
မင်းနဲ့ လက်တွဲတော့မကွဲ့လို့ အားခဲလာခဲ့သမျှ... အခုတော့...သဲရေကျပြီကွယ့်....
မင်းက လွဲရင်...တခြား ဘယ်သူနဲ့မှလည်း ရွှေလက်ကယ် မတွဲချင်သမို့....
ဒီဘဝအတွက်တော့... နှမလက်လျှော့ကာ နေပေတော့မပေါ့....
ဆိုပြီး........ သူ ခြေဦး လှည့်လိုက်တာက....
ဘုန်းကြီးကျောင်းဆီ.....
------------------------------------------------------------------------------------------------
အဲသည်လို ဇာတ်လမ်း ရေးလျှင် ကောင်းမည်လား....
ထို ဇာတ်ကွက်မျိုးကတော့...အခုလက်ရှိ မြန်မာ ဗီဒီယိုလောကမှာ...အတော် ရေပန်းစား အရိုက်များသည့် ဇာတ်ကွက်မျိုး ဖြစ်သည်။
ကျနော် ရေး လိုက်လျှင်... ဗီဒီယို ရိုက်ကူးသူများ မြင်တွေ့သွားပြီး.... ရိုက်ကူးရေးဘက် ဆွဲယူဖို့တောင်  မျှော်လင့်လို့ ရသေးသည်။
သို့သော်....
မွဲပြာ မှုန်ဝါးနေပြီဖြစ်သော ထိုဇာတ်လမ်းမျိုးကို ခပ်တည်တည် ချရေးပြဖို့ဆိုသည်မှာ....သေချာ ပြန်စဉ်းစားကြည့်တော့....
ကျနော့်အတွက် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ.... ။
ကျနော်က  အကြောင်းအရာမဲ့သော ဝတ္ထုမျိုးကိုသာ ရေးချင်သူ....
Modernism မှသည် .... Post Modern ဆီသို့... ခြေလှမ်းချင်နေသူ...
ကျနော်နှင့် မလိုက်ဖက်သော...ထို နယ်ကြိုက် ဇာတ်လမ်းမျိုးကို ရေးချင်သလား...
ကိုယ့်ကိုယ်ကို ကိုယ်ပြန်မေးကြည့်တော့....အဖြေက  No  ......
အဲသည်လို ဇာတ်လမ်းမျိုး ကျနော် မရေးချင်ပါ.... ။
.ရေးခဲ့မိသည် ဆိုဦးတော့.... မရေးခဲ့ဘူးလို့သာ...ထားလိုက်ပါ။
အဲ့သည်နောက်မှာတော့.... ကျနော်....
Drama များ... မရေးဖြစ်တော့ပါ....
----------------------------------------------------------------------------------------------------------------------------
Maung Thura
Dec 25 - 2015

http://mandalaygazette.com/221186