မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း
''သင့်အေးရိပ်''











---------------------------------------
အခုတလော လူပြောများခဲ့တဲ့ မုဒြာရဲ့ ခေါ်သံ ဇာတ်ကားနဲ့ပတ်သက်ပြီး သမိုင်းကျန်အောင် နည်းနည်း ပြောခဲ့ချင်သေးတယ်။
ဒီကား ရုံတင်ချိန်က အန်တီဆွေဇင်ထိုက်ရဲ့ ဝေဖန်စကား “မြို့သားရိုက်တော့ မြို့လက်ရာပေါ့” ဆိုတာကြောင့် ရုပ်ရှင်လောကသား အချင်းချင်း အငြင်းတွေပွားကြ၊ ဆွေ့ဆွေ့ခုန်ကြနဲ့ အတော်လေး ပွက်လောရိုက်နေကတည်းက ကြည့်ချင်စိတ် ဖြစ်မိတဲ့ကားပါ။
မြန်မာရုပ်ရှင်တွေ မကြည့်ဖြစ်တာ ကြာပြီဆိုတဲ့ စကားကို ပြောတဲ့သူတွေ စာရင်းမှာ ပါနေတဲ့ ကျနော့်အတွက်တော့ မြန်မာရုပ်ရှင်ကားတစ်ကားကို ရုံမှာ အချိန်ပေးပြီး သွားကြည့်ချင်စိတ် ဖြစ်လာအောင် လှုံ့ဆော်မှု ပေးနိုင်တာက စတယ် ဆိုပါစို့။
ကျနော် သွား မကြည့်မချင်း “မကြည့်သေးဘူးလား… သွားကြည့်အုန်း”ဆိုပြီး တိုက်တွန်းပေးတဲ့ သူငယ်ချင်းတစ်ယောက်ကြောင့်လည်း ရုံ စတင်ပြီး တစ်ပါတ်ကျော် ကြာမှ သွားကြည့်ဖြစ်ခဲ့။ ကြည့်ပြီးလျှင် ပြီးခြင်းပဲ အဲ့ဒီသူငယ်ချင်းက ကျနော့် မှတ်ချက်ကို ကြားချင်တာကြောင့် ထင်ရဲ့ “ဘယ်လိုလဲ… ကောင်းတယ် မဟုတ်လား”တဲ့။
ကျနော် ဘယ်လို ပြန်ဖြေရမလဲ မသိဘူး။
ဘာလို့လဲ ဘယ်လိုပြန်ဖြေရမှန်း မသိတာလဲ ဆိုတော့
ကျနော်က နိုင်ငံခြားကားတွေ အကြည့်များနေတော့ ဒီကားနဲ့ နိုင်ငံခြားကားတွေ ယှဉ်ရင် နိုင်ငံခြား ကားတွေလောက်တော့ အဆင့်မြင့်တာတို့ တသသ ဖြစ်ကျန်ရစ်တာတို့တော့မရှိဘူး။
အဲ ... ဒါပေမယ့်... ပြောလိုတာက အခုမှ စပြီ...



သာမန် မြန်မာကားတွေလို ပေါပေါပဲပဲ ရိုက်ထားတာ မဟုတ်ဘဲ ကြိုးစားဖန်တီး ပြထားတာလေး မြင်ရတော့…
သာမန် မြန်မာကားတွေထက်တော့ အများကြီး သာတယ်လို့ ပြောရမယ်။
ယှဉ်မယ်ဆိုရင်...
မြန်မာကားအချင်းချင်း ယှဉ်ပြီး ပြောကြေး…ဆိုရင်တော့… တော်တော် အဆင်ပြေပြီး တော်တော် အသိအမှတ် ပြုထိုက်တဲ့ ဇာတ်ကားလို့ ပြောရပါမယ်။
မင်းသားနဲ့ မင်းသမီး အပါအဝင် သရုပ်ဆောင်တွေဟာ
အပြင်လောကမှာ ဖြစ်ပျက် ပြုမူသလိုပဲ ပြောဆို ပြုမူတယ်။ မြင်တွေ့နေကျ မြန်မာကားတော်တော်များများထဲကလို စကားလုံးတွေကို အတင်း လုပ်ယူ ပြောမထားဘူး။ ဝတ္ထုထဲက စကားလုံးတွေကို ရွတ်ပြတာမျိုး လုပ်မထားဘူး။ ပြောသင့်သလောက်ပဲ ပြောပြီး အမူအယာကိုလည်း ပြသင့်သလောက်ပဲ ပြတယ်။
ပြတာမှာ… ဘာလို့လဲတော့ မသိ… မျက်နှာ အနီးကပ်တွေ တော်တော် ပြတယ်။ မိတ်ကပ် ထူလပျစ် လိမ်းမထားတဲ့ မြန်မာတွေရဲ့ သဘာဝ အသားအရေကို ပြချင်တာလား…
ဇာတ်ကောင် စရိုက်ထဲကို စိတ်နှစ်ထားတဲ့ သရုပ်ဆောင်ရဲ့ မျက်နှာ အမူအယာတွေကို အနီးကပ် ပြချင်တာကြောင့်လားတော့ မသိ… ၊
မင်းသားနဲ့ မင်းသမီးရဲ့ မျက်နှာတွေကို အနီးကပ်တွေ တော်တော် ပြထားတယ်။ ဘယ်လောက် နီးသလဲ ဆိုရင် တချို့အခန်းတွေမှာဆိုရင် ဆံပင်နဲ့ မေးဖျား မမြင်ရတော့ဘူး။ အဲ့ ဆံပင်နဲ့ မေးဖျား ကြားက နေရာလောက်ကိုပဲ သေချာကြီး ချိန်ပြထားတာမျိုး။
ပြီးတော့ အပြ ပြကွက်တွေထဲမှာ သတိထားမိတာ တစ်ခုက
သူ့သဘာဝအတိုင်း လှနေတဲ့နေရာတွေကို လှတဲ့ ထောင့်တစ်ခုခုကနေ ပြပေမဲ့…
မလှတဲ့နေရာတွေကိုလည်း အတင်းကြီး လှနေအောင် လုပ်ယူမထားဘူး။
ဥပမာ မင်းသားဖြစ်သူ နိုင်ငံခြားကနေ ရန်ကုန်အရောက်… ရန်ကုန်မြို့ထဲအရောက်မှာ Taxi စီးရင်း… ဘေးပတ်ဝန်းကျင်ကို ငေးကြည့်တဲ့အခန်း…၊ အဲကွန်း ဖွင့်မထားတဲ့ Taxi ပြတင်းပေါက်ကနေ အပြင်ကို ကြည့်တာမှာ ရန်ကုန်ရဲ့ ပကတိ အရှိဖြစ်တဲ့ ယာဉ်ကြော ကျပ်တာတွေ၊ အထမ်းသယ်တွေ၊ လမ်းဘေးဈေးသည်တွေ ရှုပ်ပွေ ညစ်ပတ်နေတဲ့ လမ်းတွေ တိုက်တာအဆောက်အဦးတွေကို အရှိအတိုင်း ချပြသွားတယ်။
ပုံမှန် ကျနော်တို့ ကြည့်နေကျဇာတ်ကားတော်တော်များများကတော့ လှတဲ့နေရာတွေမှာပဲ ရွေးရိုက်ကြတာများပါတယ်။
နောက်ပြီး မင်းသားဖြစ်သူ ယူလာတဲ့ မိသားစု ဓါတ်ပုံကလေးထဲက အဖေနဲ့ အမေ ပုံဟာ သူ့ရဲ့ မိဘအရင်းတွေရဲ့ပုံ မဟုတ်ဘူး လို့ သိလိုက်ရချိန်မှာ မင်းသားဖြစ်သူရဲ့ သရုပ်ဆောင်မှုဟာ စကားတစ်လုံးမှ မဆိုပဲ ပြည့်စုံ လုံလောက်နေတယ်။
“ကျနော် တစ်ယောက်ထဲ ရှိနေဖို့လိုပြီ”လို့ ပြောပြီး ခံစားချက် ပြင်းပြင်းနဲ့ စက်ဘီးကို တအားနင်းပြီး ထွက်သွား၊ သူ ...ငယ်ငယ်လေးကတည်းက ကြည့်ကြည့်ပြီး တွေ့လိုစိတ် ပြင်းပြခဲ့ရတဲ့ အဖေနဲ့ အမေ ပုံဟာ
သူ ထင်ထားသလို မိဘအရင်းတွေရဲ့ ပုံ မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါ….( နောက်တစ်ချက်က သူ့ရဲ့ တကယ့် မိဘအရင်းတွေဟာ ဘယ်သူ ဘယ်ဝါတွေဆိုတာ သိနိုင်ဖို့ နောက်တဆင့် ပို မျှော်လင့်ချက် မဲ့သွားတဲ့အခါ…. ) သူ ဆောက်တည်ရာ မရ ဖြစ်သွားတာကို စကားတွေ အများကြီး ပြောမနေဘဲ သရုပ်ဆောင်သွားနိုင်တယ်။
ပြီးတော့ သူ တအား နင်းလာတဲ့ စက်ဘီးကို ထိုးရပ်ပြီး ကျောပိုးအိတ်ကိုပါ မြေကြီးပေါ် ပစ်ချ….. သူ အဲ့လို ဖြစ်နေတာကို ပြနေတဲ့ ပြကွက်မှာ ကင်မရာဟာ မင်းသားကိုချည်းပဲ ပြနေတာ မဟုတ်ဘူး။
မင်းသား ရပ်နေတဲ့ ရှေ့က ရေကန်ကြီးကိုပါ… ထည့်ပြထားလေရဲ့။ ရေကန်ဟာ ရေမြောင်းသာသာ… အမှိုက်တွေ အညစ်အကြေးတွေနဲ့….တကယ့်ကို အရှိတရားထဲက အရှိတရား။
ထပ် ပြောရရင် အဝတ်အစား ဝတ်ဆင်ထားပုံတွေ၊ စကားလုံးတွေ၊ အမူအယာတွေ အားလုံးဟာ … အိုဗာတင်းတွေ ဖြစ်မနေဘဲ သူ့နေရာနဲ့သူ ယုတ္တိ ရှိရှိ ပြထားလေရဲ့။
နှစ်ပေါင်းများစွာ ကွဲကွာခဲ့တဲ့ အဖေအရင်းနဲ့ ပြန်တွေ့ချိန်မှာ
အဖေရဲ့ အမူအယာ… သားရဲ့ အမူအယာတွေဟာလည်း
အိုဗာ ဖြစ်မနေခဲ့။
ဘာသာစကားက အဆီးအတား တစ်ခု ဖြစ်နေတာကိုလည်း ထုတ်မပြောတဲ့ သံယောဇဉ် အကြည့်တွေကြားမှာ ခပ်ပါးပါးလေး ထည့်ပြထားသေးတယ်။
အဖေ…..လို့ အကျယ်ကြီး အော်ပြီး ပြေးဖက်တာတွေဘာတွေ မလုပ်တာကို နည်းနည်း ဝေဖန်ချင်ပေမယ့် တကယ့် အပြင်မှာ ဆိုရင်ကော…. ဆိုပြီး အဲ့ဒီ ကိစ္စကို သေချာ ထပ် တွေးကြည့်လိုက်တော့… .....
အဖေဖြစ်သူနဲ့ သားဖြစ်သူ ခွဲခွာခါနီးမှာ နှုတ်ဆက်တဲ့ အခန်းမှာ ကြည့်နေရင်းနဲ့ မျက်ရည် တစ်ချက် ဝဲမိပါတယ်။
စကားတွေ အများကြီး ပြောမနေဘဲနဲ့ အမူအယာနဲ့တင်… ကြည့်နေတဲ့သူရဲ့ စိတ်နှလုံးကို လှိုက်ခနဲ ဖြစ်သွားအောင် ပြထားတယ်။
အမူအယာတွေ စကားလုံးတွေ ပိုမသွားအောင် ထိန်းပြီး ကျစ်လျစ်အောင် လုပ်ထားမှန်းတော့ သိသာတယ်။
တကယ်တမ်းပြောရရင် မြန်မာကားတွေမှာသာ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ က အစ… စကားတွေ အရှည်ကြီး ပြောပြီး ဇာတ်လမ်းကို ဆွဲဆန့်သလို လုပ်နေကြတာပါ။
ကျနော် သိသလောက် နိုင်ငံခြား ဇာတ်ကားတွေ တော်တော်များများဟာ အပြောထက် အပြနဲ့ပဲ ဇာတ်ကို ရှေ့တစ်ကွက် ရွေ့အောင် လုပ်ကြတာ။ စကားတွေ အတုံးလိုက် အတစ်လိုက် ပြောနေမှ ဇာတ်လမ်း မဟုတ်ဘူးဆိုတာကိုတောင် တွေးမိပါတယ်။
ဒီကားထဲမှာတော့ စကားပြောတဲ့နေရာတွေမှာလည်း ထိရောက်တဲ့(ဇာတ်ကို ရှေ့ဆက် ရွေ့အောင် ရွှေ့ယူသွားနိုင်တဲ့) စကားကိုပဲ ပြောထားတာ တွေ့ရတယ်။ ဥပမာ… နောက်ဆုံးအခန်း…၊ ရန်ကုန် လေဆိပ်ကနေ သူ့နေရပ်ကို ပြန်ထွက်တော့မယ့် မင်းသားကို မင်းသမီးက လိုက်နှုတ်ဆက်တဲ့အခန်း… ၊
(ရိုက်ကွင်းနဲ့ တူနေမှာစိုးလို့…မင်းသားနဲ့ မင်းသမီး စကားရပ်ပြောတဲ့ နေရာကို ရှင်းလင်းရေးတောင် လုပ်မထားဘူး။ ဘေးမှာ အရပ်သူနှစ်ယောက် ထိုင်စကားပြောနေတာကိုပါ ဆွဲထည့်ပြထားလေရဲ့။ ရုပ်ရှင်နဲ့ မတူတော့ဘူး။ တကယ် ကိုယ့်ရှေ့မှာ လူနှစ်ယောက် ရပ်ပြီး စကားလာပြောပြနေသလို ဖြစ်နေလေရဲ့)
ဇာတ်သိမ်းခန်းမှာ ပြောတဲ့ စကားတွေ အမူအယာတွေကသာ..ဆုံးသွားတယ်…
ကိုယ့်မှာဖြင့်… ဒီကောင်လေးက…. ဒီနိုင်ငံမှာ အလုပ် ပြန်လာလုပ်ရင်း ဒီကောင်မလေးနဲ့လည်း ပိုရင်းနှီးလာတော့မယ်… သူ့အဖေအရင်းကိုလည်း ထပ်သွားတွေ့အုန်းမယ်…စသည်ဖြင့်… ဇာတ်လမ်းထဲမှာ မပါတဲ့ ဖြစ်မလာသေးတာတွေထိ…
ဆက်ပြီး တွေးနေမိရော။
ဆိုတော့…
အရမ်းအဆင့် အမြင့်ကြီး မဟုတ်ပေမယ့် မြင်တွေ့နေကျ မြန်မာရုပ်ရှင်တွေနဲ့ ကွဲပြား ခြားနားတဲ့ ရိုက်ချက်တွေ၊ အမူအယာတွေ၊ ဇာတ်ကွက် ဖန်တီးပုံ ပြထားပုံတွေက သေသေသပ်သပ်နဲ့
အပိုအလို မရှိသလောက်မို့….
ဒီလို သေသေချာချာလေး ဖန်တီးပေးထားတဲ့ ဇာတ်ကားမျိုးတွေသာ ဆက်တိုက် ရိုက်ကူးနိုင်လာကြမယ် ဆိုရင်….
ဆိုရင်....
မြန်မာ့ ရုပ်ရှင် အဆင့်အတန်းဟာလည်း အခုလက်ရှိ ဖြစ်နေသလို.... ဝါးလုံးခေါင်းထဲ လသာပြီး ပေါချာချာနဲ့ တိုင်ပတ်နေကြတာထက်တော့…
အများကြီး သာလာလိမ့်မယ်လို့ ယုံကြည်လို့ ရပါတယ်။
အချိန်ကုန်၊ငွေကုန်ခံပြီး… ကြည့်ရှုနေကြတဲ့ ပရိသတ်ကို
ဂျင်းမထည့်ဘဲ သေသေချာချာ ပြင်ဆင် ဖန်တီးထားတဲ့
ဒီလို ဇာတ်ကားမျိုးတွေကို များများ ရိုက်ကူးနိုင်ကြပါစေ/ အတုယူနိုင်ကြပါစေကြောင်းနဲ့…
ပေါချာချာဇာတ်ကားတွေ ဒီလောက်နဲ့ ရပ်ကြပါစေကြောင်း….။
#သင့်အေးရိပ်
၂၉ရက်၊ မတ်လ၊ ၂၀၁၈
#mudrascalling
#review

Comments

Popular posts from this blog

အဲဒီကောင်မလေးပေါ့.... (အဲဒီကောင်လေးပေါ့ ရဲ့ အဆက်)

ကျွန်တော် နှင့်…. အချစ် / အလွမ်း ….

အနုပညာဖန်တီးရာမှာ…၀ိဘစ္ဆရသ …ကို မလိုလားဘူး