စာသားများ…ထို့ အပြင်… ရည်ရွယ်ချက်များ

စာသားများ…ထို့ အပြင်… ရည်ရွယ်ချက်များ
-----------------------------------------------
ဟောဒီကောင်းကင်တော် ဝတ်ရုံလွှာအောက်မှာ…
ငါ့ရင်ခွင်တစ်ခုလုံး…မိုးကြိုးတွေ တဂျုံးဂျုံးပစ်ချခံရ
ငါထူငါထ စနစ်နဲ့ … အခါခါလဲကျပေးခဲ့ရတယ်… ။

ချစ်သော...နှင်းစက်မှုန်ရီတို့ …
ဤမီးအား …တဟုန်းဟုန်းတောက်ရာမှ ငြှိမ်းလှည့်…
ငါ့အား ချမ်းသာစေလှည့်ပါ… ။
ငါ့ဆန္ဒပြုသံတို့ တော်လဲ… 
ငါ့ကို … ငါ ကျိန်ဆဲပြီးတဲ့အတွက် …
ငါက ငါ့ကို… ခွင့်လွှတ်ထားပါပြီ..… ။

မနေ့ကတွေအကုန်လုံး…
အတုံးလိုက်အတစ်လိုက် ကုန်ဆုံးခဲ့ပြီးတဲ့နောက်…
ငါ့နှလုံးအိမ်ဟာ… 
ဓါးလှံယဉ်ကျေးမှုကို ကိုင်ဆွဲ….
မျက်ရည်မဲ့  ငိုညည်းသံတွေ ပြန့်ကျဲ…
စစ်ပွဲပြီးစ...မဟာအောင်မြေလို…အကျည်းတန်စွာ လှပ ခမ်းနားလို့ …
တိတ်ဆိတ်ခြင်းနဲ့ ဆူညံစွာ…
အူအူငွေ့ငွေ့ …. ကျန်ရစ်တယ်… ။



လေးမြတ်စင်ကြယ်ဖူးသော…ကြယ်ပွင့်များ…
ငါ့ရှေ့မှာ... တဖြုတ်ဖြုတ်ကြွေကျ…. 
ငါ…..ယူကြုံးမရတဲ့ည….
ငါဟာ….ကြယ်မဖြစ်ခင်ကတည်းက....ခပ်စောစောကြွေကျချင်ဖူးသူ… ။
ချစ်သော ကြယ်စင်အလင်းတန်းများ…အောက်
ကွေးကွေးကောက်ကောက် ဖြောင့်မတ်စွာ… အိပ်စက်ခွင့်ရဖို့ ပေါ့ ..… ။

(မေမေရေ….
တချို့တွေရဲ့ မျက်ရည်က..သကြားများသွားတဲ့ကော်ဖီလို…
အချို အခါး တကွဲတပြားစီနဲ့ … သားကို…လာ ချွဲတယ်.. ။
အဲဒီအခါမျိုးမှာ…  သားရယ်မယ်…..မေမေ… ။ )

မြေပြင်ရဲ့  သားတော်တစ်ပါးမျှသာဖြစ်တဲ့ …ငါ…
အရာရာကို… ချုပ်ကိုင်သိမ်းပိုက်ဖို့   ဆိုပြီး….
ကြိုးတွေရှုပ်လို့ ကောင်းတုန်းမှာ…
ဇာတ်ဆရာ အလိုကျဖို့ …
ငါကတော့…အလိုမကျစွာနဲ့ … က လိုက်ရတာ…



မြင့်မြတ်လှစွာသော… မြေပြင်လွှာရေ…
အခုလို...
အတောင်ပံမဲ့ ...ငါပျံသန်းရတဲ့အခါ…
လောကကြီးနဲ့ ငါ…အပေးအယူမမျှတတ်လို့ …
အတောင်ညောင်းခွင့်ပြုပါ…
မြေပြင်ဆီ အပြန်လမ်း…..
တိုးတိုးတိတ်တိတ်…ကြိတ်မှိတ်လို့ …ငါ မျှော်မှန်းရဦးမှာလား…  ။


လူကူးမျဉ်းကြားမရှိတဲ့ … ကောင်းကင်ကြီးထဲ…
ငါ…ဆက်မလျှောက်လိုဘူး…
ချစ်ခြင်းမေတ္တာအကြောင်း မသိတဲ့ တိမ်ခိုးတိမ်ငွေ့ တွေနဲ့ လည်း…
ငါ … မိတ်ဆွေမဖြစ်လိုဘူး…။
ပန်းချီဆန်တဲ့ အရိပ်အယောင်တွေနဲ့  မာယာများတဲ့ ကောင်းကင်ရဲ့
မူရင်းအရောင်ကို သိချင်ရုံက လွဲလို့ …
အဲဒီ ကောင်းကင်မှာ… ငါ…. မပျော်မွေ့ လိုဘူး ။


ငါ့လက်တွေကို မိုးပေါ်ဆန့်တန်းပြီး….
ရနိုင်မလားလို့ … တောင်းကြည့်ဖူးတဲ့ ဆုလဒ်တွေ…
ချွေးပင်လယ်ကြီး လှိုင်းထန်ပြီးကာမှ…ရတတ်လို့ …
အခုတော့….
တစ်ယောက်ယောက် ပေးမှ …. အသက်ရှင်ရမယ်ဆိုရင်တောင်….
ဘယ်သူ့ ဆီကမှ…ငါ….မတောင်းဘူး ။


ငါတို့ စိတ်နှလုံးထဲက ရုန်းထွက်လာတဲ့ စကား အပွင့်တွေ…
(အဲဒီ စကားလုံး အပွင့်တွေ..အဖူးတွေ… )
ဓါးသွားထက်.. ထက်မြတယ်ဆိုတဲ့ ဆိုရိုးစကား…
ငါ…မနေ့က စ…ဟားလိုက်ပြီ…
ငွေကြိုးလေးညပ်နေတဲ့ စက္ကူတစ်ထပ်…
ဓါးအစင်းစင်းထက်… ထက်ပါတယ်… ။

ထားပါတော့….
မှောင်ရီဝိုးဝါးတဲ့ အလင်းခေတ်မှာ…
လမင်းကတောင်…နေလို အယောင်ဆောင်တယ်…
ပူလောင်ပြင်းပြ…..
ငါ….ခါးသက်သက်နဲ့ …ခါးညွတ်ပြရတယ်… ။


ရယ်စရာကောင်းတဲ့…လွမ်းဆွတ်မှုတွေနဲ့
ချိုမြိန်စွာ ကြေကွဲခဲ့ရ နေ့ရက်တွေ….
ဘယ်သူ ၀ိုင်း သုံးပေးမှ ကုန်မှာလဲ…
တခါတလေတော့လည်း…..
ကိုယ့်ရင်ဘတ်ကိုယ် ငုံ့ကြည့်ရင်း….ဇာတာကို ပြန်စစ်မိတယ်…
အိမ်ခြေမဲ့ဂျစ်ပစီတွေလိုမျိုး…
ဖြစ်လာသမျှကို အကောင်းထင်ရတတ်တဲ့ ….  နတ္ထိလူသား ….
ရာဇဖွားထဲ…ပါသလား….
တစ်ခုခုတော့… မှားနေတယ်…


ငါ့အိပ်မက်တွေကို ငါ ဖြန်းခနဲ ရိုက်ချပြီး…စဉ်းစားလိုက်ပါတယ်…
ဘ၀ဟာ….ရေနွေးအိုးတစ်လုံးလို…
ဝေမကျခင်…. အဖုံးဖွင့်ပေးဖို့  အကူအညီလိုတတ်တယ်…
၁၅၀၀ အချစ်ဟာ… ဆားထည့်ကိုထည့်ရမယ့် ဟင်းတစ်ခွက်လို…
တစ်ခါတစ်ခါ ပေါ့ရွှတ်သွားတတ်တယ်…
မျှော်လင့်ချက်ဟာ…မနေ့ကဖြစ်ပြီးသားတွေလို…
(မရဲတရဲ တွန့်ဆုတ်ကျော်ဖြတ်ပြီးသား အဟောင်းကြီးတွေလို…)
ရင်ခုန်ဖွယ်ရာ အရောင်အဆင်းမဲ့တတ်တယ်…


စွန့်စားမှုကို လည်မျိုမှာချည်ပြီး…
ချောက်နက်နက်ထဲ…ခုန်ချဖို့ ….
မမျှော်လင့်ပဲ…  ဆုံးဖြတ်…
ဖုန်မှုန့်တွေခါပြီး..ထ လိုက်တယ်…
ခြေထောက်မလိုဘူး…
လမ်းမလိုဘူး…
သွားခြင်း - ရွေ့ ခြင်း မလိုဘူး….
ခရီးတချို့ က…. ကံမကောင်းခြင်းကို  အလိုရှိသူအတွက်…
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတတ်လွန်းလို့ …


အဆင့်သင့်ဖြစ်ပြီလား…
တစ် နှစ် သုံး လို့  အော်ပြီး..
ကိုယ့်ကိုယ်ကို ခလုပ်ပိတ်လိုက်မလို့ အလုပ်မှာ…
ဟော … ဟိုက… ရောင်နီက….
လှလှပပသန်းပြနေတုန်း….
နေပါဦးကွယ်…
ငါ့ ကိုယ်ကို ငါ…  ခေါက်ရိုးချိုးပါရစေဦး… ။

------------------------

အလင်းဆက် 
၆ ၊ ၈ ၊ ၂၀၁၄  / ည ၁၁ နာရီတိတိ

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)