Maera သို့. . .


maera...သို့... ကိုယ့်မှာတမ်း...


maera...သို့... ကိုယ့်မှာတမ်း...


Maera သို့. . . ''ကိုယ့်မှာတမ်း''
~~~~~~~~~~~~~~~~~~~~~~

maera ရေ . . .
တွယ်ရစ် ပတ်ငင်တတ်ပါသော ချစ်ခြင်းတွေနဲ့. . .
အင်္ဂါစုံစွာ ငါတွေ့ချင်လှပါရဲ့ …
ငါ့ကို ငါပေါ့ကွယ်. . .


ကမ္ဘာဦးတုန်းက ရင်ခုန်စရာအသံတစ်ခုအလား…
အရှိန်အဟုန်ခပ်ပြင်းပြင်းနဲ့  အပြေးအလွှားပါပဲ. . .
ငါ လာခဲ့တယ် maera. . .


ခန်းခြောက်သွားတဲ့ပင်လယ်ပြင်များ. . .
ကြွေကျသွားတဲ့သစ်ရွက်များနဲ့
ပြီးဆုံးတိတ်ဆိတ် အိပ်မောကျသောသံစဉ်များ…


ဒီထက်မကသေးပါဘူး maera…
စကားလုံးတွေ ကျပျောက်သွားတဲ့… ကဗျာအပုဒ်များစွာကိုလည်း
ငါ့ဇာတာထဲမှာ ရှာတွေ့ခဲ့လေရဲ့...


maera ရေ. .
ငါလိုချင်ခဲ့ဖူးတဲ့ အနှစ်အသားရှိခြင်းတွေအစား
ငါမလိုချင်တဲ့ အပေါ်ယံအလွှာများပဲ. . .
ပိုင်ဆိုင်ခွင့် ရခဲ့တယ်ဆိုတာ. . .
သူတို့က မယုံဘူး. . .တဲ့. . .


အို. . .ငါ့ရဲ့ maera . . .
တဖျပ်ဖျပ် လက်ပပြနေတဲ့ ကြယ်ပွင့်တို့ မြင်ခွင့်အစား. .
အစိုင်အခဲတွေသာ တဝုန်းဝုန်းပစ်ချခံရ
ငါ့ကံကြမ္မာဆိုတာက . . .
သာယာခြင်းမဲ့ ထုံးစံနဲ့ပေါ့ကွယ်. . .


တချို့သော ငါတွေကို
ငါကိုယ်တိုင် ငါသတ်ပွဲလုပ်. . .
တချို့သော ငါတွေက. . .
ငါ့ကိုယ်ကို သတ်ဖြတ်စားသောက်. . .
တချို့သော ငါအဆိုးအဝါးတွေနဲ့တော့. . .
ငါနဲ့ငါ ပေါင်းသင်းဆက်ဆံရပေါ့. . .
ငါတွေ ငါတွေ. . .
ငါ့မှာ အခုထိ . . .
ခံတွင်းချဉ်လို့ကောင်းတုန်း. . .


တရေးတမောအိပ်ချင်တယ် maera. . .
ငါကျပျောက်ဖူးတဲ့အရာတွေထဲ
အိပ်စက်ခြင်းလည်း ပါသွားလို့...


ပြေးလွှားခုန်ပေါက်လိုက်ချင်တယ် maera. . .
ငါပေးလိုက်ရတဲ့ အလျော်အစားတွေထဲ
ငါ့လျှောက်မယ့် မြေပြင်ကြီးလည်း ပါသွားလို့. . .


ပေးကမ်းစွန့်ကြဲချင်တာပေါ့ maera ရယ်. .
အခုလေ. . .
တစ်ခုခု ငါ့ကိုပေးမယ်ဆိုရင်တောင်မှ လှမ်းမယူနိုင်တဲ့  အင်မဲ့အားမဲ့လက်တွေနဲ့. . .
ငါ တစ်ခုခုတော့ မှားနေတယ်။
ဟုတ်တယ် maera . . .
တစ်ခုခုတော့ ငါမှားနေတယ်။


ဆိုကြပါစို့. . .
တွင်းဆုံးနေတဲ့ မိုက်မဲခြင်းတွေကို
အဖြူရောင်. . .သို့မဟုတ် အနက်ရောင်. . .
ခပ်ထူထူ လိမ်းသုတ်လိုက်တယ်ပဲထားဦး. . .
ဘာများ. . .
ထူးလာဦးမလဲ maera


ငါ ထူခဲ့တဲ့ အလံဖြူတွေ. . .
ငါစိုက်ခဲ့ဖူးတဲ့ မှတ်တိုင်တွေ. . .
ငါပျိုးခဲ့တဲ့ သစ်ပင်တွေ. . .
နောက်ပြီး. . .
ငါခူးယူခဲ့တဲ့ အဖူးအငုံ အခက်အလက်တွေ. . .
အခုလို. . .
ငါ့ကို နှုတ်ဆက် . . .
ရုတ်တရက်ကြီး. . . ငါတကိုယ်တည်း
ပြိုလဲကျန်ရစ်. . .
ငါ့အရိပ်ကလေးကတောင်
ငါ့ကို ပြန်ရှာမတွေ့ဘူးတဲ့. . .


maera ရယ်. . .
တခါတလေကျတော့လည်း
ရွက်ဆုပ်ပြက္ခဒိန်တစ်ရွက်လို
နံရံထက်ကနေ . . .
ဗြိခနဲ ဆွဲဆုတ်
ငါ့ကိုယ်ကိုငါ . . .
လုံးချေ . . . ကန်ထုတ်ပစ်ချင်တယ်. . .


မရယ်နဲ့. . .
မရယ်ပါနဲ့ maera. . .
ကျေးဇူးပြုပြီးတော့. . .
ငါဟာ ရယ်မောခြင်းကို ပြန်သတိရသူ မဖြစ်ပါရစေနဲ့. . .
ရယ်ရယ်မောမော . . .
ပျော်ပျော်ပါးပါးနဲ့ ခါးကော့ထားရင်း ခါးကျိုးသွားတဲ့ ဇော်ဂျီတစ်ပါးအဖြစ်. . .
ငါ့ရာဇဝင်မှာ . . .
ငါက အထင်အရှားမဟုတ်လား. . . .


နင်သိမှာပေါ့ maera ရယ်. . .
တကယ်တော့ ငါဟာ. . .
တရိပ်ရိပ်ကျန်ခဲ့တဲ့အရာတွေဘေးက
ဖျတ်ခနဲ ရွေ့လျားသွားတဲ့
အငွေ့အသက်ကလေးရဲ့ အရိပ်တစ်ရိပ်မျှသာပါပဲရယ်လို့။


~~~~~~~~~~~~~~~~~~~~


Alinsett@ Maung Thura

27/02/2015/12:10PM

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)