B

B=Burmese Film 

.ပြီးခဲ့သည့် ရက်ပိုင်းတွေအတွင်း
စိတ်ပြေလက်ပျောက်သဘောဖြင့် ရုပ်ရှင်တစ်ကား ဝင်ကြည့်ဖြစ်ပါသည်၊၊
စိတ်ပြေလက်ပျောက်ဟု အသေအချာ အခိုင်အမာ ပြောနိုင်သည်မှာ ထိုနေ့က ရုပ်ရှင်ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့် ဝင်ကြည့်ဖြစ်ခြင်းမျိုး လုံးဝ မဟုတ်ဘဲ ဇာတ်ကားကို ဂရုမစိုက်၊ စိတ်ပြေလက်ပျောက် ကြည့်လိုက်မည်ဟူသော အတွေးဖြင့်သာ ဝင်ကြည့်ခဲ့ခြင်းကြောင့် ဖြစ်သည်၊၊
ဇာတ်ကား၏ ဆွဲဆောင်မှုကြောင့်သာ ကြည့်ဖြစ်မည်ဆိုလျှင် ဗမာဇာတ်ကားတစ်ကားကို အချိန်ကုန်/ ငွေကုန်ခံပြီး ဝင်ကြည့်ဖြစ်ပါ့မလား၊၊
အဲသည်နေ့ကတော့ မည်သည့်ဇာတ်ကားဖြစ်စေ--- ရုပ်ရှင်ရုံထဲ ဝင်ထိုင်ကြည့်ပစ်လိုက်ဖို့သာ စိတ်စောနေခဲ့သောကြောင့် ဘယ်တုန်းကမှ တပ်မက်ခြင်းမရှိဖူးသော--- (ကျနော့်ကို ဆွဲဆောင်နိုင်စွမ်းမရှိရှာသော) ဗမာဇာတ်ကားတစ်ကားကို အလိုအလျောက် ဝင်ကြည့်မိသွားသည်၊၊
အဲသည်နေ့က ကျနော် ကြည့်မိသော ဇာတ်ကား၏ အမည်မှာ "ကောင်းကျိုးကိုယ်၌ တည်စေမင်း" ဖြစ်သည်၊၊
ဒါရိုက်တာ "  ဒါရိုက်တာ ဇေပါ     " က ဖန်တီး ရိုက်ကူးပေးထားပြီး အဓိက သရုပ်ဆောင်များအဖြစ်
ခန့်စည်သူ၊ခိုင်သင်းကြည်နှင့် အရိုင်း၊ အိချောပိုတို့က ဇာတ်ဆောင်ခဲ့သည်၊၊
ဇာတ်လမ်းအစတွင် ၁၉၈၈ ခုနှစ်က မြန်မာနိုင်အတွင်းမှာ ဖြစ်ပွါးခဲ့သော အရေးအခင်းပုံရိပ်များကို ပြသသည်၊၊
.ဖြစ်ရပ်မှန် လှုပ်ရှားချီတက်မှုများ၊ ပစ်ခတ်ဖမ်းဆီးမှုများကိုလည်း ထည့်ပြထားသည်၊၊
ထို ဖြစ်ရပ်မှန်မြင်ကွင်းများနှင့်အတူ ခန့်စည်သူကို နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတစ်ဦးအဖြစ် ပြသထားသည်၊၊
ခန့်စည်သူ၏ နိုင်ငံရေးလှုပ်ရှားမှုများ ပြသအပြီးတွင် စစ်အာဏာရှင်များက ခန့်စည်သူကို ဖမ်းဆီးအရေးယူပုံများ ပြသသည်၊၊
ကျနော် ပြုံးမိသည်အထိ ပြသလိုက်သောပြကွက်တစ်ခုက ဇာတ်လမ်းအစ ထိုနေရာမှာ စတင်သည်၊၊
ခန့်စည်သူကို စစ်အာဏာရှင်တွေက ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းနေသည့်အခန်းဖြစ်သည်၊၊
ထိုသို့စစ်ဆေးမေးမြန်းနေရာတွင် ခန့်စည်သူ(နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ)ကို စစ်ဝတ်စုံဖြင့် အာဏာရှင်တစ်စုက ရိုက်နှက်ပစ်လိုက်သည့်ပြကွက်ကို ထည့်ပြလိုက်ရာ ကျနော် ပြုံးမိပါသည်၊၊
ခန့်စည်သူကို စစ်ဝတ်စုံဖြင့် လူတစ်စုက သွေးထွက်သံယိုဖြစ်သည်အထိ (လူးလှိမ့်နာကျင်အောင်) နှိပ်စက်လိုက်သည့် ပြကွက်ကို ကြည့်ပြီး အဲသည်အချိန်တုန်းက အဲ့လိုတွေ တကယ်ဖြစ်ခဲ့တာကို အခုအချိန်မှာ ပြသခွင့်တော့ဖြင့် ပေးထားပြီပဲဟု တွေးကာ ပြုံးမိသည်၊၊
နှိပ်စက်မှုကြောင့် နာကျင်သည်ကို အံကြိတ်ထားသော နိုင်ငံရေးလုပ်သူ ခန့်စည်သူကို ကြည့်ရင်း အလွတ်သတင်းထောက်
ကိုပါကြီးလို လူတွေလည်း အဲ့လို ညှင်းဆဲနှိပ်စက်ခံရသေးတာပဲဆိုသည့်အတွေးကလည်း ကျနော့်အာရုံထဲသို့ ဝင်မလာဘဲ မနေပါ၊၊
ထားပါတော့လေ---
သည်နေ့မှာနော့ဖြင့် သည်လို သမိုင်းမှန် ဖြစ်ရပ်ဆိုး မြင်ကွင်းမျိုးကို ပြန်လည်ဖန်တီး
.ပြသခွင့်ပေးလို့၊ြ ကည့်ရှုခွင့်ရတာလေးကို ကြည့်ပြီး အရင်ခေတ်တွေထက်စာရင် ----ဆိုသည့်အတွေးဖြင့် ကိုယ့်စိတ်ကိုကိုယ် ဖွပစ်ရသေးသည်၊၊
ထိုပြကွက်အပြီးတွင် ဇာတ်လမ်း စပါသည်၊၊
ဇာတ်လမ်းသည် ထူးထူးထွေထွေ ပြောပလောက်စရာ မရှိသော ထုံးစံအတိုင်းထက် နည်းနည်းကလေး စံသွေထားသည့် ထုံးစံအတိုင်း(ဗမာဇာတ်လမ်းသာ) ဖြစ်သည်၊၊
ဗမာဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ကြည့်နေသူက ဇာတ်ကွက် တစ်ကွက် ၂ကွက်မက ကြိုသိနေသည်၊၊
ဒီအခန်းမျိုးရောက်ရင် ဒါမျိုး ဖြစ်လာတော့မယ်-
ဘာပြီးရင် ဘာလာမယ် ဆိုပြီး ကြိုတင်တွက်ဆလို့ရနိုင်တာကိုက ဗမာဇာတ်ကားများ၏ ဂုဏ်ဒြပ်ဟု ပြောရမလိုပင်၊၊
(ဥပမာ - မင်းသမီး ရေခပ်ဆင်းချိန်- လူကြမ်းက မင်းသမီးကို သွားရည်တမြားမြားဖြင့် ဝင်ဆွဲနေသည့်အခန်းကိုရောက်လျှင် မင်းသားက ကယ်တင်ဖို့ ရောက်လာတော့မည်ကို ကြိုတွေးလို့ရသလိုမျိုး)
ဤဇာတ်ကားထဲတွင်လည်း မင်းသမီး ခိုင်သင်းကြည်ကို သူ့ရည်းစားက အိပ်ဆေးခတ်ထားသည့် အချိုရည် တိုက်နေသည်ကို မြင်ရုံနှင့် မကြာမီ ခိုင်သင်းကြည် ဘဝပျက်သည့်အခန်းမျိုး လာတော့မည်ကို ကြိုတွေးလို့ ရသည်၊၊
ထိုကဲ့သို့ ဘာပြီးရင် ဘာလာမယ်ဆိုတာ ကြိုတွေးလို့ ရနေသည့် ပြကွက်များကို ကြည့်ရသည်မှာ  ကျနော့်အတွက်တော့ အလွန် ပျင်းရိငြီးငွေ့ဖွယ်ရာပင် ဖြစ်ပါသည်၊၊
နိုင်ငံခြား ရုပ်ရှင်ဇာတ်လမ်း ဇာတ်ကွက်များထဲမှာတော့ ပြကွက် တစ်ကွက်ချင်းစီသည် ဟာခနဲဟင်ခနဲ ဖြစ်သွားရသည့် ထင်မှတ်မထားသော တင်ပြမှုများနှင့် ပြည့်နေသည်၊၊
ဟာခနဲဟင်ခနဲ ဖြစ်သွားရလောက်သည့် ပြကွက်မျိုးကို မြင်ရ ကြည့်ရသည်မှာ ရုပ်ရှင်အနုပညာမှ ရသော ရသတစ်မျိုး ဖြစ်ပါသည်၊၊
ထိုရသ--- မရနိုင်သော ဗမာဇာတ်ကားများ၏ ဇာတ်လမ်းဇာတ်ကွက် အားနည်းမှုများ၊ တင်ပြပုံ အစီအစဉ် အားနည်းမှုများကို တိုးတက်လာစေချင်သည့်စိတ်မျိုး နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ ကြည့်မိတိုင်း ကျနော့်ထံတွင် ဖြစ်တည်သည်၊၊
ဒါပေမဲ့ ဤဇာတ်ကားထဲမှ ထူးခြားချက်တစ်ခုမှာ ကိုယ်ပြောချင်တဲ့စကားလုံးအတော်များများကို (ကိုဘသိန်း)ခန့်စည်သူနှင့် အရိုင်းက ပြောပေးလိုက်ခြင်း ဖြစ်သည်၊၊
နောက်ထပ် ထူးခြားချက်မှာ ဇာတ်ပို့ဇာတ်ရံဖြစ်သော (ထောင်မှုးဟောင်းအဖြစ် သရုပ်ဆောင်သွားသည့်) အရိုင်း၏ သရုပ်ဆောင်မှု ဖြစ်သည်၊၊
ဤဇာတ်ကားထဲတွင် ကျနော် အားရ ကျေနပ်မိသော သရုပ်ဆောင်မှုမျိုးကို သဘာဝကျကျ သရုပ်ဆောင်ပြပြီး (ရုပ်ရှင်ရိုက်ထားသည်နှင့်မတူ ကိုယ့်မျက်စေ့ရှေ့မှာ တကယ် လာ ဖြစ်ပျက်ပြနေသလိုလို ဖြစ်စေတဲ့အထိ) သရုပ်ဆောင်ပီပြင် ပိုင်နိုင်မှုကို အရိုင်းနှင့် ခိုင်သင်းကြည်က ပြသသွားသည်၊၊
ခိုင်သင်းကြည်ဆိုလျှင်
.ခြေထောက်မည်းမည်းညစ်ညစ်ကြီးကို ဖတ်ပြီးငိုသည့်အခန်းတွင်လည်း သရုပ်ဆောင် ကောင်းလွန်းသည်၊၊
ဤဇာတ်ကားထဲတွင် (နိုင်ငံရေးအကျဉ်းသားတစ်ဖြစ်လဲ) ခန့်စည်သူက ရွာသူားများ စာဖတ်ဖို့/စာကြည့်အားကောင်းဖို့အရေး အလေးပေး နှိုးဆော်သည့် ဇာတ်ကွက်ကလေးကို သရုပ်ဖော်ပြတော့ တကယ့်အပြင်မှာလည်း ထိုဇာတ်ကောင်လို လူငယ်များ များစွာ ရှိနေစေချင်ပြန်သည်၊၊
(ဇာတ်ဆောင်အမည် မဗေဒါ)ခိုင်သင်းကြည်ကို မတရားဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးဖို့အရေး ခန့်စည်သူ ဦးဆောင်သည့် ရွာသူားတစ်စုက တရုတ်ကုမ်ပနီရှေ့မှာ ကြွေးကြော် တောင်းဆိုကြသည့်အခန်းတွင် ---တရုတ်တွေက မဗေဒါကို ဖမ်းရာကနေပြန်လွှတ်ပေးသည်၊၊ထိုဇာတ်ဝင်ခန်းတွင် နောက်ခံတေးဂီတကို ကဘာမကျေသီချင်း၏ သံစဉ်သပ်သပ်အား ဂစ်တာသံတစ်ခုတည်းဖြင့် တီးခတ်ပြထားခြင်းအား ကျနော် သဘောကျမိသည်၊၊
အဲသည် ဂီတသံကို နောက်ခံထားပြီး တရုတ်လုပ်ငန်းရှင်တို့ထံမှ လွတ်မြောက်ကာ လမ်းလျှောက်လာသည့် မဗေဒါက ခေါင်းမော့ မာန်တင်းလိုက်သည့် မျက်နှာပေးးးး သိပ်မိုက်သည်၊၊
(ထိုဇာတ်ဝင်ခန်းတွင် မဗေဒါအဖြစ် သရုပ်ဆောင်သည့် ခိုင်သင်းကြည် ခေါင်းကိုမော့ အံကိုတင်းတင်းကြိတ်ပြီး တစ်လှမ်းချင်းလျှောက်လာသည့်ပုံကို ကြည့်ရင်း The Lady ဇာတ်ကားထဲမှ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သည့် မီရှဲမမ---တည့်တည့်ချိန်ထားသည့် သေနတ်ပြောင်းဝတွေရှေ့ တစ်လှမ်းချင်းးးးခေါင်းမော့ တိုးဝင်သွားသည့်မြင်ကွင်ကိုပင် ပြန်မြင်ယောင်မိသည်၊၊)
ဇာတ်ကားတစ်လျှောက်လုံး ဇာတ်ဝင်ခန်းမှန်သမျှတွင် မျက်နှာအမူအယာ၊ မိတ်ကပ်အနေအထား၊ အဝတ်အဆင်အပြင်အဆင် စသည်ဖြင့် ထောက်ပြ ရှုတ်ချစရာ မရှိသလောက် ကွက်တိလုပ်ပြသွားသူ ခိုင်သင်းကြည်ကို အတော်လေး သဘောကျမိသည်၊၊
ကျနော်သာ အကယ်ဒမီတစ်ခု ပေးလို့ရစတမ်းဆိုလျှင်
ဝမ်းနည်း၊ ဝမ်းသာ၊ ဒေါသဖြစ်၊နားကျည်း၊အားမာန်တင်း---စသည့် ဇာတ်ရုပ်တိုင်းကို အပီပြင်ဆုံးသရုပ်ဆောင်သွားသည့် ခိုင်သင်းကြည်ကို ပေးပါမည်၊၊
သရုပ်ဆောင်တာနှင့်မတူတော့ဘဲ တကယ့် မိန်းမတယောက်ကို အပြင်မှာ မြင်နေရသလိုမျိုး သရုပ်ဆောင် ပိုင်နိုင်လှသည့် ခိုင်သင်းကြည် ပြီးလျှင် နောက်ထပ် အသိအမှတ်ပြုချင်တာကတော့ (ကိုအောင်သန်းဦး)အရိုင်း ဖြစ်သည်၊၊ သူလည်း ဤဇာတ်ကားထဲတွင် သူ့အားထုတ်မှုကို သိသိသာသာ မြင်နိုင်သည်အထိပင်၊၊
ဇာတ်ကားထဲမှ သရုပ်ဆောင်ပိုင်နိုင်သူများကို အကယ်ဒမီတွေ ကိုယ့်ဘာသာ ပေးနေမိရင်းးး ကျနော် ပြုံးမိပါသည်၊၊
ကျနော်ကသာ အကယ်ဒမီတွေ ဘာတွေ လျှောက်တွေးနေတာ----
ဒီလို နိုင်ငံရေးလှုံ့ဆော်မှု ပါဝင်သည့် (လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ရှေ့ရှုပြထားသည့်) ဇာတ်လမ်းမျိုးကို အကယ်ဒမီဇာတ်ကားစာရင်းထဲ သွင်းရင်ကိုပဲ ကျေနပ်ရမှာ၊၊
"အရင်လို မဟုတ်တော့ပါဘူး၊လွတ်လပ်စွာ ဖန်တီးတင်ပြခွင့်၊ပြော၊ဆို၊ရေးသားခွင့် ပြုထားပါပြီ" ဆိုသည့် အသံကောင်းဟစ်မှုများကို စိတ်ချလက်ချယုံကြည်လို့တော့ ရကောင်းပြီ ထင်ပါရဲ့လေ---
ဘာပဲဖြစ်ဖြစ်---
တွေ့~ကြုံ~ချစ်ကြိုက်~ကွဲ~ ပြန်ညား~ဆိုသည့် မွဲပြာကျနေသည့် ဗမာဇာတ်ကား အစဉ်အလာများထဲမှ အနည်းငယ် ဖောက်ထွက်တင်ပြဖို့ ကြိုးစားထားသည့် ဤဇာတ်ကားကို ကြည့်မိသည့်အတွက် နောင်တတော့ဖြင့်မရပါကြောင်းနှင့် ဖန်တီးတင်ပြသူများအား
အသိအမှတ်တစ်ခု ပြုပါကြောင်းးးး၊၊
-----------------------------------------------
.မောင်သူရ
နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၅ ၊
(အိပ်မပျော်သည့်ည သန်းခေါင်ကျော် ၁း၁၄)
myanmar




Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)