D

D = Drama story

 8a078831031979119efeb2159ed4f3d6
အကဲပါပါ အသည်းတခါခါ ဖြစ်သွားစေလောက်သော ဇာတ်လမ်းတစ်ပုဒ်တော့ဖြင့် ဘဝမှာ ရေးဖူးခဲ့ချင်သည်၊၊
.မြန်မာနိုင်ငံသား ပီသသည်ဟု ဆိုရမည်၊၊
.မြန်မာပြည်သည် နိုင်ငံသားတို့အတွက် ငိုမည်ဆိုလျှင် မျက်ရည်ချောင်း စီးလောက်စရာ အကြောင်းအချက်များစွာတို့ ပြည့်နှက်နေသော တိုင်းပြည် ဖြစ်သည်၊၊
ဂျုံးဂျုံးကျနေရာမှ ယိုင်ထိုးယိမ်းခါစွာ ကုန်းရုန်းထနေရသည့်ကြားကပင် မြန်မာနိုင်ငံ၏ မြို့တော်အတော်များများအတွင်း .နေထိုင်လှုပ်ရှားနေသူ တိုင်းသူပြည်သားတို့မှာ အလွမ်းအဆွေး ငိုခြင်းများနှင့်ပင် (တလွဲဆံပင်ကောင်းကာ)ပျော်မွေ့ကြလေသည်၊၊
ရုပ်ရှင်ဇာတ်ကား ကြည့်တာတောင် ဟာသကားဆိုလျှင် ပျော်ရွှင်ရယ်မောရမည့်အစား ပေါတောတောနဲ့ မကောင်းတဲ့ဇာတ်ကားကြီး ဟု ဆိုတတ်ကြသည်၊၊
သရုပ်ဆောင်တွေကို ထူးချွန်ဆု အကယ်ဒမီပေးလျှင်လည်း အငိုပက်စက် အလွမ်းဟက်တက်ကွဲပြတတ်မှ ---မင်းသမီးဆိုလည်း မျက်ရည်တွေ ငေါက်ခနဲငေါက်ခနဲ ပန်းထွတ်အောင် ငိုတတ်ပါမှ---  ပေးကြ ရကြသည်၊၊
.ကြည့်ရှုခံစားသူတွေကလည်း ရုံထဲမှာ ကြည့်ရင်း မျက်ရည်လေးတို့ ဝေဝေသီသီ---
"ငါဖြင့် သနားလွန်းလို့ ရုပ်ရှင်ရုံထဲ ငိုတောင်မှ ငိုမိကရော" ဟု ပြန်ပြောရခြင်းမှာ ပျော်မွေ့သူများပင်ရှိ၏၊၊
"အခုရုံတင်ထားတဲ့ကားလေး ကောင်းလိုက်တာ---" ဟု ညွှန်းကြပြီဆိုလျှင် များသောအားဖြင့် အလွမ်းအဆွေးများနှင့် ဇာတ်နာနာ အကဲပါပြထားသည့် ဇာတ်လမ်းသာ---
ထို့အပြင် အလွမ်းအဆွေးများနှင့် မျက်ရည်ဖြိုင်ဖြိုင် ကျစေလောက်သော #ဝစ်ထုများ ရောင်းကောင်းကြသည်၊၊
ဂျာနယ်ကျော်မမလေးမှသည် မောင်လှမျိုး(ချင်းချောင်းခြံ)အထိ အငိုအမော ဇာတ်လမ်းများ ဖတ်သူ ကြိုက်သူ များခဲ့လှပြီ---
ထို့သို့သော အကြောင်းများကြောင့် ကျွန်တော်သည်လည်း အလွမ်းအဆွေး အငို အမောများထည့်သွင်းထားသည့် ဇာတ်လမ်းတစ်ပုဒ်လောက် ရေးထုတ်လိုက်ချင်သည့်စိတ် ဖြစ်မိလေပြီ---
စာဖတ်သူတွေ ရယ်မောရစေမည့်စာမျိုး မရေးတတ်သော ကျွန်တော်သည် စာဖတ်သူတွေ မျက်ရည်ကလေးဝေ့ကာသီကာ ရင်ထဲနင့်ခနဲ ဖြစ်သွားစေမည့်စာမျိုးတော့ ရေးလို့ ဖြစ်လိမ့်မည်ထင်သည်၊၊
ကျွန်တော် ရေးမည့်ဇာတ်လမ်းထဲတွင်---
ဇာတ်ကောင်အမျိုးသားနှင့် အမျိုးသမီးငယ်လေးတို့သည် ရိုးရှင်းသော ရွာကလေးဆီမှဖြစ်ပြီး တစ်ဦးကိုတစ်ဦး အလွန်ချစ်ခင်စုံမက်ကြသူများ ဖြစ်သည် ဆိုပါစို့---
ဇာတ်ကောင်အမျိုးသားသည် ထုံးစံအတိုင်း မရှိဆင်းရဲသားကလေးသာ ဖြစ်ပြီး သူ့လိုပဲ ဆင်းရဲနွမ်းပါးရှာသည့် ချစ်သူမိန်းကလေးကို ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ် ထားစေချင်သည့်စိတ်ဖြင့် လယ်ယာအလုပ်ကို ကြိုးကုပ်စွာ လုပ်ကိုင်နေသူဖြစ်သည်ပေါ့---
ဗမာဇာတ်လမ်းတွေရဲ့ထုံးစံအတိုင်း ထိုချစ်သူစုံတွဲ၏ ချစ်ခြင်းကို အနှောင့်အယှက်ပေးမည့် ဇာတ်ကောင်တွေလည်း ပါရဦးမည်မဟုတ်လား---
ထုံးစံအတိုင်း ဇာတ်ကောင်မင်းသမီးလေးကို အတင်းကာရော ကြိုက်နေသည့် သူကြီးသား အရက်သမားကို မပါမဖြစ် ထည့်ရပါလိမ့်မည်၊၊
ဇာတ်ကောင်မင်းသမီးလေး ညနေခင်း ရေခပ်ဆင်းချိန်မှာ မူးရူးနေသည့်သူကြီးသားက သူ့အပေါင်းအပါများနှင့် ရောက်လာပြီး ကောင်မလေးကို ဆွဲလားရမ်းလား လုပ်---
အဲသည်အချိန်မှာ ကောင်မလေး၏ချစ်သူ ကောင်လေးက (အင်မတန် တိုက်ဆိုင်စွာဖြင့် ကြိုစောင့်နေသလားထင်ရ---)
ဘွားခနဲ ရောက်လာ---
သူကြီးသားနဲ့ ရန်ဖြစ်---
ထုံးစံအတိုင်း ဇာတ်ကောင်မင်းသားက အနိုင်ရ----
သူကြီးသားက ဒဏ်ရာတွေနဲ့ အံကြိတ် တောက်ခတ်--- ဇာတ်ကောင်မင်းသားကို မင်းထမင်းဝအောင်စားထား ဟေ့ရောင် လို့ ကြိမ်းဝါးးး
ထို့အပြင် ဇာတ်ကောင်မင်းသမီးကိုလည်း စိမ်းစိမ်းကြီးကြည့်ပြီး မဲ့ကာရွဲ့ကာ---ပြောကိုပြောရမည့်စကားက
"ဒီမယ် နှင်းမြ--- နင် တစ်နေ့ ငါ့ရင်ခွင်ထဲ ရောက်မှာပါ ---" ဘာညာ---
လက်ညိုးငေါက်ငေါက်ထိုးပြီး ပြောသွားသည် ဆိုပါစို့---
-နောက်တစ်ခန်းမှာတော့
နှင်းမြကို သူကြီးသားနဲ့ အပေါင်းအပါတွေက တောထဲ ဆွဲခေါ်သည့်အခန်း လာရမည်---
နှင်းမြနှင့် ရွာသူသူငယ်ချင်းမလေးတို့ ၂ယောက်သား စကားတတွတ်တွတ်ထိုးပြီး ရေခပ်ဆင်းလာချိန်မှာ သူကြီးသားနဲ့အဖွဲ့က ဝင်ဆွဲ---
သူငယ်ချင်းမလေးက--- နှင်းမြကို ခေါ်မသွားပါနဲ့လို့ အော်---
သူကြီးသားက နင်နဲ့မဆိုင်ရင် ပါးစပ်ပိတ်ထားစမ်းလို့ ငေါက်---
အဲ့သည်မှာ သူငယ်ချင်းမလေးက ရွာထဲ လှည့်ပြေးပြီး မင်းသားကို ပြေးပြော----
မင်းသားက ဘာာာာာာာာာာလို့ အကျယ်ကြီးအော်ပြီး နံရံမှာ ချိတ်ထားတဲ့ ငှက်ကြီးတောင်ဓါးကို ပြေးဆွဲ----
နှင်းမြနောက် မှီအောင်အပြေးလိုက်----
(ဒါပေမယ့် တော်တော်နဲ့ မရောက်နိုင်ဘူးး ပြေးတယ် ပြေးတယ်---)
ဟိုဘက်မှာလည်း သူကြီးသားက နှင်းမြကို ဆွဲခေါ်တယ် ခေါ်တယ်---
လာစမ်း--- နင် ငါ့ရင်ခွင်ထဲ ရောက်ရစေ့မယ်---
နှင်းမြကလည်း ရုန်းကန်လူးလှိမ့်---
ခွေးကောင် နင် လွှတ်စမ်း---
နင် မယုတ်မာနဲ့---
နင်ယုတ်မာတာ ခံမယ့်အစား ငါ့ကိုယ်ငါသတ်သေပစ်မယ် ဘာညာ အော်ကာဟစ်ကာ---
အဲ့သည်အချိန်မှာပဲ---
မင်းသားက မှီလာပြီး သူကြီးသားတို့ကို ဓါးနဲ့ဝင်ခုတ်---
အဲ့ဒီနေရာမှာတင် သူကြီးသားကို မင်းသားက ပွဲချင်းပြီး သတ်လိုက်မိရော ဆိုပါတော့---
ချစ်သူရဲ့ အရှက်ကို သူက လူသတ်ပြီးထောင်ထဲ အဝင်ခံ---ကယ်တင်လိုက်နိုင်တာကိုပဲ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကွ ---ပေါ့လေ----
မင်းသားက လူသတ်မှုနဲ့ ထောင်ကျတော့မယ်ဆိုတော့.... မင်းသမီးလေးက...ငိုပါလေရော.... ဆိုပါတော့...
မောင်ရယ်....ပြေးသာ ပြေးပါတော့.... တို့...ပြေးကြပါစို့.... လို့ ငိုယိုပြော....
အဲဒီမှာ မင်းသားက.... ငါ ယောကျာ်း.... လုပ်ရဲရင် ခံရဲတယ် ဘာညာ... အံကြိတ်ပြန်ပြော...
ငါ ထောင်က လွတ်လာချိန်ကိုသာ နင်...သစ္စာရှိရှိ စောင့်နေပါ...လို့
.ပြောပြီးချိန်...အလွမ်းသယ်လို့ ဝလောက်ချိန်ကျမှ...ရဲတွေက ရောက်လာ....
--------
အဲ့ဒီနောက်... ထောင်ကျ.... နောက်တစ်ခန်းကျတော့....ထောင်က လွတ်...
ထောင်က လွတ်ပြီဆိုတာနဲ့....ချစ်သူကလေး ရှိရာ ရွာလမ်းတလျှောက် အပြေးကလေးပေါ့.... လှမ်းလာ....
ချစ်သူနဲ့ တွေ့ပြီဆိုတဲ့ အချိန်လည်း ကျရော.....
သူ့ချစ်သူကောင်မလေးက..... တခြားယောကျာ်းတစ်ယောက်နဲ့ လက်ထပ်ပြီး ကလေးတစ်ယောက်တောင်  ရနေပါပေါ့။
အို....ဒါက ဘယ်လိုဖြစ်ရတာလဲ....
သစ္စာ မရှိတဲ့ မိန်းမ....ကတိမတည်တဲ့မိန်းမ....
နင့်အရှက်နဲ့ သိက္ခာကို ကာကွယ်ပေးရင်း...ကြားကနေ ထောင်ထဲ ရောက်သွားရတဲ့ ငါ့လို ချစ်သူကိုတောင်....
.ထောင်က လွတ်ချိန်အထိ...သစ္စာရှိရှိ စောင့်မနေနိုင်ဘူးလား... စသည်ဖြင့်....
နာကြည်းစွာ...ကြိတ်မနိုင်ခဲမရ...ပြောရပြီပေါ့....
အဲဒီမှာပဲ....
ချစ်သူမိန်းကလေးကလည်း... မျက်ရည်လည်ရွှဲနဲ့... မင်းသားကို လွမ်းလွမ်းဆွေးဆွေးကြည့်ရင်း....
ငိုရှိုက်ရင်းကနေ...ပြန်ရှင်းပြရှာသပေါ့....
ကျမလည်း သစ္စာရှိရှိ စောင့်နေပေါသေးကြောင်း...
ဒါမေပဲ့....အဲလေ...ဒါပေမဲ့...
ကျမ အမေအို...ပန်းနာရင်ကျပ် ရောဂါသည်ကြီးက....သေလုမတတ်...
အခြေအနေဆိုးလာချိန်....
.ဆေးရုံတင်ပြီး...ဆေးကုရမယ့် စရိတ်တွေက မရှိ....
အမေအိုကြီးကို ချမ်းချမ်းသာသာ ပြည့်စုံစွာ...ပြုစုပေးချင်တာကြောင့်....
ရွာတောင်ပိုင်းက စပါးကုန်သည် ကိုထွန်းခင် ကို မလွှဲသာလို့ ယူလိုက်ရတာ ဖြစ်ပါကြောင်းပေါ့...
အဲဒီလို ရှင်းပြလိုက်တော့မှ.... နာကြည်းမိတဲ့ ...ချစ်သူကောင်လေးခမျာ....
ချစ်သူမိန်းကလေးကို.... သနားတဲ့အကြည့်....
နှမြောတဲ့အကြည့်တွေနဲ့.... ကြည့်ကာ..နှုတ်ဆက်....
ကိုယ် သွားပါတော့မယ်....
မင်းနဲ့ လက်တွဲတော့မကွဲ့လို့ အားခဲလာခဲ့သမျှ... အခုတော့...သဲရေကျပြီကွယ့်....
မင်းက လွဲရင်...တခြား ဘယ်သူနဲ့မှလည်း ရွှေလက်ကယ် မတွဲချင်သမို့....
ဒီဘဝအတွက်တော့... နှမလက်လျှော့ကာ နေပေတော့မပေါ့....
ဆိုပြီး........ သူ ခြေဦး လှည့်လိုက်တာက....
ဘုန်းကြီးကျောင်းဆီ.....
------------------------------------------------------------------------------------------------
အဲသည်လို ဇာတ်လမ်း ရေးလျှင် ကောင်းမည်လား....
ထို ဇာတ်ကွက်မျိုးကတော့...အခုလက်ရှိ မြန်မာ ဗီဒီယိုလောကမှာ...အတော် ရေပန်းစား အရိုက်များသည့် ဇာတ်ကွက်မျိုး ဖြစ်သည်။
ကျနော် ရေး လိုက်လျှင်... ဗီဒီယို ရိုက်ကူးသူများ မြင်တွေ့သွားပြီး.... ရိုက်ကူးရေးဘက် ဆွဲယူဖို့တောင်  မျှော်လင့်လို့ ရသေးသည်။
သို့သော်....
မွဲပြာ မှုန်ဝါးနေပြီဖြစ်သော ထိုဇာတ်လမ်းမျိုးကို ခပ်တည်တည် ချရေးပြဖို့ဆိုသည်မှာ....သေချာ ပြန်စဉ်းစားကြည့်တော့....
ကျနော့်အတွက် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ.... ။
ကျနော်က  အကြောင်းအရာမဲ့သော ဝတ္ထုမျိုးကိုသာ ရေးချင်သူ....
Modernism မှသည် .... Post Modern ဆီသို့... ခြေလှမ်းချင်နေသူ...
ကျနော်နှင့် မလိုက်ဖက်သော...ထို နယ်ကြိုက် ဇာတ်လမ်းမျိုးကို ရေးချင်သလား...
ကိုယ့်ကိုယ်ကို ကိုယ်ပြန်မေးကြည့်တော့....အဖြေက  No  ......
အဲသည်လို ဇာတ်လမ်းမျိုး ကျနော် မရေးချင်ပါ.... ။
.ရေးခဲ့မိသည် ဆိုဦးတော့.... မရေးခဲ့ဘူးလို့သာ...ထားလိုက်ပါ။
အဲ့သည်နောက်မှာတော့.... ကျနော်....
Drama များ... မရေးဖြစ်တော့ပါ....
----------------------------------------------------------------------------------------------------------------------------
Maung Thura
Dec 25 - 2015

http://mandalaygazette.com/221186

Comments

Popular posts from this blog

မုဒြာရဲ့ခေါ်သံကို ခံစား ဝေဖန်ခြင်း

“ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”

ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း (စာပေဆောင်းပါး)